ရုရှားနိုင်ငံက ပြင်သစ်နိုင်ငံကို အာဖရိကနိုင်ငံတွေဆီကနေ နှင်ထုတ်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က မတ် ၁၃ ရက်မှာ ထုတ်လွှင့်တဲ့ ရုရှားနိုင်ငံပိုင်မီဒီယာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောလိုက်ပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်းက အာဖရိကမှာ ရုရှားရဲ့ လုပ်ဆောင်ချက်တွေကို စိတ်ပျက်မိလို့ ယူကရိန်းနိုင်ငံဆီ ဥရောပတပ်ဖွဲ့တွေလွှတ်ဖို့ အကြံပြုခဲ့တာလားလို့ တီဗွီသတင်းထောက် ဒမစ်ထရီ ကက်ဇီယက်ဖ်က မေးရာမှာ ပူတင်က ဒီယူဆချက်ကို တစိတ်တပိုင်း လက်ခံပြီး မကျေမနပ်ဖြစ်နေတာ သေချာတယ်လို့ မှတ်ချက်ပြုပါတယ်။
ဒါပေမဲ့ အာဖရိကနိုင်ငံတချို့က ရုရှားလုပ်ဖော်ကိုင်ဘက်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိပြီး ပြင်သစ်နဲ့ လက်မတွဲချင်ဘူးလို့ ပူတင်က ပြောပါတယ်။
“ကျနော်တို့က အာဖရိကမှာ ဘယ်သူ့ကိုမှ တွန်းအားမပေးပါဘူး။ ကျနော်တို့က သူတို့ကို ပြင်သစ်နဲ့ ရန်တိုက်ပေးဖို့ မကြိုးစားပါဘူး” လို့ ပူတင်က ပြောခဲ့ပါတယ်။
ပူတင်ဟာ မက်ခွန်းနဲ့ တိုက်ရိုက်အဆက်အသွယ် ရှိနေပြီး ဒီကိစ္စကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ဖူးတယ်လို့လည်း ပူတင်က ပြောခဲ့ပါတယ်။
Source/Photo-Reuters