ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဟာ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ ကုန်သွယ်လို့မရတော့တဲ့ အတွက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်က အစားအသောက်နဲ့ ကုန်ပစ္စည်းတွေသာ တင်သွင်း အသုံးပြုနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပလက်ဝမြို့ခံတွေဟာ စစ်အာဏာသိမ်းပြီးစကတည်းက ရခိုင်ပြည်နယ် ကျောက်တော်မြို့က တဆင့် ကုန်ပစ္စည်းတွေကို ကုန်းလမ်း၊ ရေလမ်းနဲ့ ဝယ်ယူ အသုံးပြုခဲ့ရတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေပြင်းထန်နေပြီး ၂၀၂၃ ခု နိုဝင်ဘာ ၂၄ ရက်ကတည်းက စစ်ကောင်စီက ရခိုင်ပြည်နယ်နဲ့ ပလက်ဝမြို့က ကုန်သွယ်ရေးလမ်းကြောင်း အားလုံးကို ဖြတ်တောက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကနေ ကုလားတန်မြစ်ကိုဖြတ်ပြီး ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာဘက်ကို တနေ့ ကုန်ပစ္စည်းတင်စက်လှေ အစင်း ၃၀ ကျော်နဲ့ ကုန်သွယ်ရေး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ရှင်းလက်ဝရွာသားတဦးက “လောလောဆယ် ဆန်တော့ သယ်မရသေးဘူး။ ဓာတ်ဆီ၊ စားသုံးဆီ၊ မုန့်မျိုးစုံ၊ ငရုတ်သီးခြောက်၊ ဆား၊ ဟင်းချိုမှုန့်က အစပေါ့လေ မီဇိုရမ်ဘက်ကနေ ဝယ်ရတာပေါ့။ ကျောက်တော်တို့ မြောက်ဦးတို့ဘက်က ကုန်သည်တွေလည်း စက်လှေနဲ့ လာဝယ်ကြတာလည်း ရှိတယ်” လို့ ပြောပါတယ်။
ပလက်ဝ-မီဇိုရမ် နယ်စပ်က ရက္ခိုင့်တပ်တော် (AA) ရဲ့ ရှင်းလက်ဝ ဂိတ်စခန်းမှာတော့ ကုန်ပစ္စည်းတန်ဖိုးရဲ့ ၇ ရာခိုင်နှုန်း အခွန်ပေးဆောင်ရတယ်လို့လည်း သိရပါတယ်။ ပလက်ဝမြို့ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှာ ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။