Home
မြန်မာသတင်း
၁၀၂၇ စစ်ဆင်ရေး၌ ပျောက်ဆုံးဖမ်းဆီးခံရသူများကို အရေးမယူရန် မိသားစုဝင် တောင်းဆို
DVB
·
March 14, 2024
1027 1432024

၁၀၂၇ စစ်ဆင်ရေးအတွင်း စခန်းစွန့်ခွာခဲ့ရတဲ့သူတွေ၊ မဟာမိတ်လက်နက်ကိုင်အဖွဲ့တွေရဲ့ ဖမ်းဆီးခံရသူတွေကို စစ်ခေါင်းဆောင်အနေနဲ့ အရေးမယူဖို့ မိသားစုဝင်တွေက တောင်းဆိုထားတယ်လို့ တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက် စတင်ခဲ့တဲ့  ၁၀၂၇ စစ်ဆင်ရေးမှာ ပျောက်ဆုံးဖမ်းဆီးခံရတဲ့ အရာရှိစစ်သည်တွေ မိခင်တပ်ကိုပြန်လာပါက အရေးယူ အပြစ်ပေးတာတွေ မလုပ်ဖို့တင်ပြသွားမယ်လို့ တပ်မ ၉၉ နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

"အခုဖြစ်နေတာက တပ်မှာ  ရှေ့တန်းထွက်သွားတဲ့ ခြေလျင်ခြေမြန်အဖွဲ့တွေက အခုထိ အဆက်အသွယ်မရဘူး။ ပျောက်နေတာလား၊ အဖမ်းခံရတာလားဆိုတာ မသိရဘူး။ တပ်ဖျောက်သွားပြီး ပြန်ဆက်သွယ်ရင် အရေးမယူဖို့ လက်မှတ်စုထိုးပြီး တင်ပြသွားဖို့ရှိတယ်။”

ရှမ်းမြောက်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ခေါင်းဆောင်ဆီက ပစ်ကူစစ်ကူမရလို့ ထွက်ပြေးရင်း လူစုကွဲကာ တပ်ကိုပြန်မရောက်သူတွေရှိသလို သေဆုံးသူတွေလည်းရှိတယ်လို့ မုံးကိုးတပ်နယ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

"မုံးကိုး၊ ဖောင်းဆိုင်၊ ချင်းရွှေဟော်၊ နမ့်ခမ်းပြီးမှ ကွမ်းလုံကိုသိမ်းတာ ပြောချင်တာ ဘယ်သူသေတယ်၊ ဘယ်သူအဖမ်းခံရတယ်၊ ဘယ်အဖွဲ့က ပျောက်သွားတယ်ဆိုတာမသိဘဲ ထွက်ပြေးတယ်ဆိုပြီး အရေးယူလို့မရဘူး။”

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက လူသားချင်းစာနာ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးပေမဲ့  စစ်ကောင်စီဘက်က အရေးယူနေတာတွေရှိတယ်လို့ လောက်ကိုင်ဒစကဌာနချုပ်နဲ့ နီးစပ်သူတဦးက ရှင်းပြပါတယ်။

"လောက်ကိုင်ကိစ္စမှာ အကြီးပိုင်းတွေက အရေးယူတာ ပြဿနာမဟုတ်ပေမဲ့ တခြားအဆင့်တွေက ခေါင်းဆောင်ခိုင်းတဲ့အတိုင်း လုပ်ရတာ သူတို့ကိုပါရောပြီး အရေးယူမယ်ဆိုရင် တပ်ထဲမှာလူရှိမှာ မဟုတ်ဘူး။”

၁၀၂၇ စစ်ဆင်ရေးမှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ၁၀ မြို့နယ်ကျော် စစ်စခန်း ရာနဲ့ချီသိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်က ဗိုလ်မှူးချုပ်အဆင့်အပါအဝင် တပ်ဖွဲ့ဝင်တွေ သေဆုံးကာ ဌာနဆိုင်ရာဝန်ထမ်းတချို့ ထွက်ပြေးတိမ်းရှောင်ရတာ ဖြစ်ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013