ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ခရစ်ယာန်သင်းအုပ်ဆရာ တဦးနဲ့ လူငယ်အများအပြားလည်း ဖမ်းဆီးခံခဲ့ရပါတယ်။
ဗန်းမော်အခြေစိုက် စစ်ကောင်စီရဲ့ အမတ ၃၆၆၊ ခလရ ၄၇၊ စကခ ၂၁ တပ်တွေက မတ် ၁၀ ရက်ကနေ ၁၂ ရက်အထိ ဗန်းမော်မြို့နယ်ရှိ ကျေးရွာ ရပ်ကွက်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဗန်းမော်မြို့ခံတဦးက “ဒီရက်ပိုင်း ဗန်းမော်မှာ ပစ်ခတ်သံတွေ ဆက်တိုက်ကြားရတယ်။ ကျွန်းကမ်းနီဘက်မှာ လူ ၅ ဦး လက်နက်ကြီးထိလို့ သေဆုံးသွားတယ်။ အသက် ၂၀ ဝန်းကျင် ၃၀ အရွယ် အမျိုးသမီး ၂ ဦး၊ အသက် ၁၀ နှစ်အောက် ကလေး ၃ ဦး သေဆုံးခဲ့တာ” လို့ ပြောပါတယ်။
မြို့ခံ နောက်တဦးက “စစ်တပ်က ရွာတွေဘက်မှာ KIA, PDF တွေ ရောက်ရှိ ခိုအောင်းနေတယ် ဆိုပြီး လက်နက်ကြီးတွေ ပစ်နေတာကြောင့် အခုဆို ကျနော်တို့ရွာတွေဘက်မှာ ဘယ်အချိန် လက်နက်ကြီးတွေ ကျလာမလဲ စိုးရိမ်နေရတယ်။ အမြန်ငြိမ်းချမ်းချင်ပါပြီ” လို့ ပြောပါတယ်။
ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်က ဒီနေ့အထိ လက်နက်ကြီးတွေနဲ့ နေ့စဉ် ညစဉ် ပစ်ခတ်နေပြီး ကျေးရွာတွေ၊ ရပ်ကွက်တွေအတွင်း ကျရောက်ပေါက်ကွဲမှုတွေမှာ လူသေဆုံးမှုတွေ၊ ထိခိုက်ဒဏ်ရာ ရရှိသူတွေ ရှိတယ်လို့ ဆိုပါတယ်။
မတ်လ ၁၀ ရက်က ဗန်းမော်မြို့ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဖွင့်လှစ်ထားတဲ့ စစ်ရှောင်စခန်းထဲကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး သင်းအုပ်ဆရာ တဦးနဲ့ လူငယ် ၁၆ ဦးကို ဖမ်းဆီးသွားကာ ဒီနေ့အထိ ပြန်မလွှတ်ပေးသေးဘူး UCA ကက်သလစ် သတင်းမှာ ဖော်ပြပါတယ်။