Home
မြန်မာသတင်း
ဒီးမော့ဆိုစစ်ရှောင်များ သောက်သုံးရေ ဝယ်ယူသုံးစွဲနေရ
DVB
·
March 13, 2024
di 1332024

ကရင်နီပြည်နယ်၊ ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ သောက်သုံးရေတွေကို ဝယ်ယူသုံးစွဲနေရတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ စစ်ဘေးရှောင် ပြည်သူတွေက ပြောပါတယ်။

ဒီးမော့ဆို အနောက်ခြမ်းမှာ စစ်ရှောင်စခန်းပေါင်း ၅၀ ကျော်ရှိပြီး နွေရာသီကာလမှာ ရေရှားပါးမှုဒဏ်ကို ခံစားနေရတဲ့အပြင် ရေကို စျေးကြီးပေး ဝယ်ယူသုံးစွဲနေရတယ်လို့ သိရပါတယ်။

ရေကားဝယ်ယူရာမှာ နေရာဒေသပေါ်မူတည်ပြီး ထော်လာဂျီနဲ့ဆိုရင် ၂၀,၀၀၀၊ ၂၅,၀၀၀၊ ရေဂါလန် ၂,၀၀၀ ဆံ့ ကားကြီးနဲ့ဆိုရင် ၆၀,၀၀၀ ကနေ ၈၀,၀၀၀ ထိ စျေးကြီးပေး ဝယ်ယူနေရတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်အမျိုးသမီးတဦးက “ရေကလည်း ဝယ်ရတယ်။ ရေတခါဝယ်ရင် အနည်းဆုံး ရေဂါလန် ၂,၀၀၀ ကို နှစ်ပတ်ပဲ ခံတယ်။ ကားကြီးကို စုဝယ်ပြီး ချွေတာသုံးရတာပေါ့။ ရေကစျေးကြီးတော့ မလုံမလောက်နဲ့ဘဲ သုံးရတယ်။ အဓိကတော့ ထမင်းဟင်းချက်ဖို့ပဲပေါ့။ အလှူရှင်လာလှူတုန်းကတော့ ငါးဂါလန် ပုံးအဝါနဲ့ တရက်ကို နှစ်ပုံးနှုန်းရတယ်။ ခုကတော့ အလှူရှင်မလာတာကြာတော့ ပိုခက်ခဲလာတာပေါ့” လို့ ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းက ရေထွက်နည်းပါးပြီး ရေရှားပါးတဲ့ဒေသ ဖြစ်တဲ့အပြင် အာဏာသိမ်းပြီးချိန်မှာ စစ်ဘေးရှောင်ပြည်သူတွေ အဓိကခိုလှုံရာနေရာ ဖြစ်တာကြောင့် လူဦးရေ များပြားတာနဲ့အမျှ သောက်သုံးရေ လိုအပ်ချက်က ကြီးမားနေတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်ပြည်သူတချို့က တနိုင်တပိုင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ကြတာ၊ တောင်ယာ ငှားရမ်းစိုက်ပျိုးတာ၊ နေ့စားလိုက်လုပ်တာ၊ စျေးရောင်းဝယ်ကြတာတွေ ပြုလုပ်ကြပေမဲ့ စစ်ဘေးရှောင်ပြည်သူ အများစုက ပြည်သူလူထုက ထောက်ပံ့တာကို အဓိက မှီခိုနေရတယ်လို့ သိရပါတယ်။

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်ပြည်သူ ၁၀၀,၀၀၀ နီးပါးထိရှိပြီး စစ်ရှောင်စခန်း ၅၀ ကျော်ရှိကာ ရေရှားပါးမှုတွေ၊ စားနပ်ရိက္ခာ မလုံလောက်မှုတွေ၊ မိုးကာမလုံလောက်မှုတွေ ရှိနေပေမဲ့ လာရောက်လှူဒါန်းပေးတဲ့ အလှူရှင်တွေ နည်းပါးလာတာကြောင့် အခက်အခဲတွေ ရှိနေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013