Home
မြန်မာသတင်း
ဟိုပုန်းနှင့် ဆီဆိုင်တွင် စစ်ကောင်စီတပ်က မီးလောင်ဗုံးဖြင့် တိုက်ခိုက်
DVB
·
March 13, 2024
Si-922024

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နဲ့ မိုင်အနည်းငယ်သာကွာဝေးတဲ့ ဟိုပုန်းနဲ့ ဆီဆိုင်ဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်တွေ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီတပ်က မီးလောင်ဗုံးတွေ ကြဲချ တိုက်ခိုက်နေတယ်လို့  PNLA  ကပြောပါတယ်။

ဆီဆိုင်မြို့ကို ထိန်းချုပ်ထားတဲ့ PNLA တပ်ဖွဲ့တွေနဲ့ မြို့ကို ထိုးဖောက်ဝင်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေကြား ဖေဖော်ဝါရီလကတည်းကစတင်ကာ နေ့စဉ်လိုလို တိုက်ပွဲတွေပြင်းထန်လာပြီး အခု ဟိုပုန်းဒေသဘက်မှာပါ တိုက်ပွဲတွေဖြစ်လာတာပါ။

PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “ဆီဆိုင်နဲ့ ဟိုပုန်းမှာ တနေကုန်နီးပါးတိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ကြပါတယ်။ ဟိုပုန်းမှာတော့ မဲနယ်တောင်ဒေသမှာ တိုက်ပွဲဖြစ်တာ။ အဲ့ဒီမှာ တိုက်ပွဲနဲ့မဆိုင်တဲ့ ပန်လျှမ်းဆိုတဲ့ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အကြိမ် ၂၀ ကျော်ပစ်တယ်။ လေယာဉ်နဲ့ မီးလောင်ဗုံးကြဲတဲ့အတွက် မီးလောင်သွားတယ်။ အသေးစိတ်တော့ မသိရသေးဘူး” လို့ ပြောပါတယ်။

ဆီဆိုင်တိုက်ပွဲတွေမှာတွေ့ရတဲ့ ဓာတ်ပုံမှတ်တမ်းတွေအရတော့ စစ်ကောင်စီတပ်က သူတို့ရဲ့ ကာကွယ်ရေးစက်ရုံထုတ် ကလပ်စတာဗုံးတွေကို အသုံးပြုနေတယ်လို့ စစ်လက်နက်ပစ္စည်းလေ့လာသူ Tactical Raptor က ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းကနေ ဆီဆိုင်မြို့ထဲကို ဗုံးကြဲတိုက်ခိုက်မှုတွေ နေ့စဉ်လုပ်နေတဲ့အပြင် မတ် ၈ ရက်နဲ့ ၁၀ ရက်တွေမှာ လက်နက်ကြီးတွေနဲ့လည်း အကြိမ်ရေ ရာကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဆီဆိုင်မြို့ထဲက နေအိမ်တွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေ မီးလောင်ပျက်စီးခဲ့ရတယ်လို့ PNLA ထုတ်ပြန်ချက်အရ သိရပါတယ်။

PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “နောက်ပိုင်းမှာစစ်ကောင်စီက ဗုံးကြဲတာမှာ မီးလောင်ဗုံးတွေ ပေါင် ၅၀၀ ဗုံးတွေတင်မကဘူး။  ဓာတုအဆိပ်ငွေ့ဗုံးတွေပါ ကြဲလာတာတွေ့ရတယ်။ အဲ့ဒီအဆိပ်ဗုံးကို ရှုရှိုက်တဲ့ရဲဘော်တွေက အရေပြားယားယံတာ၊ နှာခေါင်းသွေးယိုတာ၊ အောက်ဆီဂျင်ကျတာ အဲ့လိုမျိုးတွေပုံစံတူပေါ့ လက္ခဏာတွေ ခံစားခဲ့ကြရတယ်။ သူတို့ကို ခုထိ ဆေးဝါးကုသပေးနေရဆဲဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဇန်နဝါရီ  ၂၁ ရက်ကစပြီး ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် စံဖူးရွာမှာ PNLA/PNLO ရဲ့ ယာဉ်တန်းကို စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့တွေက တားဆီးရာကနေ တိုက်ပွဲတွေ စဖြစ်ခဲ့တာပါ။

ဆီဆိုင်မြို့မှာ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၁၅၀,၀၀၀ ကျော် ရှိနေပြီး တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ နီးစပ်ရာ ရှမ်းပြည်နယ်အပြင် ကရင်နီပြည်နယ်ဘက်ကိုပါ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ 

သီဟ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013