မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ဒါးစမ်းကျေးရွာမှာ ပြည်သူ့စစ်ဖွဲ့ဖို့ စီစဥ်နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဆရာတော်တပါးကို မတ် ၁၃ ရက် ဒီမနက် အစောပိုင်းက အမည်မသိ သေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့လို့ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောင်လံမြို့မှာ စစ်ကောင်စီသတင်းပေးလို့ နာမည်ထွက်နေတဲ့ ဒါးစမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်ဟာ ကျေးရွာဘုန်းကြီးကျောင်းက ဆရာတော်တပါးနဲ့ ဆွေးနွေးနေစဥ် ပစ်ခံရတာလို့ ဒေသခံတဦးက ပြောပါတယ်။
“ဒါးစမ်းကျေးရွာအုပ်ကြီးကို မြို့ပေါ်မှာ နိုင်ဝင်း ဆိုပြီး သိကြတယ်။ အာဏာသိမ်းပြီးကတည်းက သတင်းပေးလုပ်လို့ ဓားနဲ့အထိုးခံရသေးတယ်။ ဒါပေမဲ့ မသေဘူး။ သူက ဆရာတော်တွေနဲ့ ပေါင်းပြီး အောင်လံမြို့မှာ ပြည်သူ့စစ်ဖွဲ့ချင်တာ။ ရွာတွေမှာ ရွာဦးဘုန်းကြီးကျောင်း ဆရာတွေက အာဏာစက်ရှိတော့ ဆရာတော်နဲ့ သွားပေါင်းတာ၊ အခု ဆရာတော်ပါအပစ်ခံရတာ။”
ဒါးစမ်းကျေးရွာ ဆရာတော်မှာလည်း ဦးဝါသဝနဲ့ ပေါက်ကိုယ်တော်တို့လို ထင်ပေါ်ကျော်ကြားချင်သူဖြစ်ပြီး အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်ကို ဘုန်းကြီးကျောင်းမှာ ရှောင်တိမ်းဖို့အတွက် အမြဲစီစဥ်ပေးသူဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“နိုင်ဝင်းကိုသတ်ဖို့ ရှာနေတာ အများကြီး။ သူ့ကြောင့် ဒုက္ခရောက်သွားတဲ့သူတွေ အများကြီး။ အဲ့ဒါကို ကျောင်းမှာ လက်ခံထားတယ်။ ဒီနေ့မနက် ၃ နာရီကျော် အုပ်ကြီးကိုပစ်တော့ ဆရာတော်က သေနတ်ဝင်လုတယ်။ အပြန်အလှန်လုရင်း ကျည်ထွက်သွားပြီး သေတာ။”
လတ်တလောမှာ ဒါးစမ်းကျေးရွာအတွင်း စစ်ကောင်စီတပ်နဲ့ ရဲတွေက ရွာသူရွာသားနဲ့ ဘုန်းကြီးကျောင်းကို စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီကနေ့ ပစ်ခတ်ခံရလို့ သေဆုံးသွားတဲ့ ဒါးစမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်ဟာ ၂၀၂၃ စက်တင်ဘာနဲ့ ၂၀၂၁ တို့မှာ ပစ်ခတ်ခံရတာ၊ ဓားနဲ့ထိုးခံရတာကြောင့် ဆေးရုံမှာ နှစ်ကြိမ်တိုင် ဆေးကုသမှု ခံရသူလည်း ဖြစ်ပါတယ်။