Home
မြန်မာသတင်း
ကန်ကျနပူရီတွင် တရားမဝင် ဝင်လာသည့် မြန်မာများ ဆက်တိုက်ဖမ်းဆီးခံရ 
DVB
·
March 13, 2024
work 1332024

ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင် ထောင်းန်းဖာဖုမ်းမြို့နယ်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ နေ့စဉ်လို ဖမ်းဆီးခံနေရပါတယ်။ 

မတ် ၁၃ ရက် ဒီနေ့မနက် ၈ နာရီလောက်က ထောင်းန်ဖာဖုမ်းမြို့နယ် ထာ့ခနွန်အုပ်စုထဲမှာ တရားမဝင် မြန်မာအမျိုးသား ၁၇ ဦး အမျိုးသမီး ၅ ဦး စုစုပေါင်း ၂၂ ဦးကို သက်ဆိုင်ရာက ဖမ်းဆီးရမိတယ်လို့ ကန်ကျနပူရီဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။ 

ဘန့်နောင်ထိ ကျေးရွာလုံခြုံရေးအဖွဲ့ဝင်တွေဟာ နယ်မြေထဲမှာ ကင်းလှည့်နေစဉ်  လူခြေရာတွေ တွေ့ ရှိသလို  မလှမ်းမကမ်းမှာလည်း မသင်္ကာဘွယ်ကားတစီးရပ်ထားတာကြောင့် ရွာသူကြီးကို လှမ်းအကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ကျေးရွာအုပ်ချုပ်ရေးမှူး၊ အမှတ် ၁၃၅ နယ်ခြားစောင့်တပ်ဖွဲ့ဝင်နဲ့ လဝကရဲတွေပါတဲ့အဖွဲ့ဟာ နယ်မြေထဲမှာ ပြန်လည်စစ်ဆေးတော့ ဝတ်ဖုဒ်ထပရီဆတ်တောင်ပေါ်ဘုရားခြေရင်းက တောစပ်ထဲမှာ လူတစုရောက်ရှိနေတာကို တွေ့ရှိ ခဲ့ပါတယ်။ 

စစ်ဆေးမေးမြန်းချက်အရ သူတို့ဟာ မြန်မာနိုင်ငံကနေ ထိုင်းကိုအလုပ်လာလုပ်ဖို့ တောလမ်းကနေ ခြေလျင်လျှောက်ဝင်ခဲ့ကြောင်း၊ ချိန်းဆိုထားတဲ့နေရာမှာ လာကြိုမယ့်ကားကို စောင့်ဆိုင်းနေစဉ် အဖမ်းခံရတာဖြစ်ကြောင်း၊ ကားခအနေနဲ့ ပွဲစားကို တဦးလျှင် ဘတ် ၁၃,၀၀၀ မှ ၁၅,၀၀၀ ထိ ပေးရတယ်လို့ ဝန်ခံသွားပါတယ်။ 

အဆိုပါ ထောင်န်းဖာဖုမ်းမြို့နယ်ထဲမှာပဲ မတ် ၁၂ ရက် မနက် ၁၀ နာရီဝန်းကျင်ကလည်း တရားမဝင် ဝင်လာတဲ့ မြန်မာ ၁၃ ဦးကို လမ်းပြ ၁ ဦးနဲ့အတူ ဖမ်းဆီးရမိတယ်လို့  ကန်ကျန ပူရီအာဏာပိုင်တွေက ပြောပါတယ်။ 

နယ်ခြားစောင့်ရဲ၊ လဝကရဲနဲ့ နယ်မြေခံရဲတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ထောင်းန်ဖာဖုမ်းမြို့နယ် ဖူးတေချ်နဲ့ ဆဖန်းလောင်ရွာကြားမှာ ယာဉ်အသွားအလာတွေ စောင့်ကြပ်စစ်ဆေးစဉ် ဆဖန်းလောင် တာစပ်ကနေဝင်ရောက်လာတဲ့ အညိုရောင်အီဇူးဆူး ပစ်အပ်ကား ၁ စီးကို ပါ စစ်ဆေးခဲ့ကြောင်း၊ ကားပေါ်မှာ တရားမဝင်မြန်မာ ၁၃ ဦး ပါလာပြီး အသက် ၄၆ နှစ်ရွယ် ထိုင်းယာဉ်မောင်းက သူဟာ အဆိုပါလူတွေကို ထိုင်းနိုင်ငံအတွင်းပိုင်းထိပို့ပေးဖို့ အခကြေးငွေ ၁ ဦးလျှင် ဘတ် ၁၃,၀၀၀ မှ ၁၅,၀၀၀ ထိ ဈေးတည့်ပြီး သယ်ဆောင်ခဲ့တာလို့ ဝန်ခံပါတယ်။ 

မြန်မာနိုင်ငံ မွန်ပြည်နယ် ဘုရားသုံးဆူဒေသနဲ့ ထိစပ်နေတဲ့ ကန်ကျနပူရီခရိုင်ထဲမှာ တရားမဝင် ဝင်ရောက်သူတွေ မကြာခဏဖမ်းဆီးရမိပြီး ပြီးခဲ့တဲ့အပတ်ကလည်း တရားမဝင် မြန်မာလုပ်သားပေါင်း  ၁၂၀ ကို ကား ၆ စီးနဲ့အတူ ဖမ်းမိကြောင်း၊ အဲဒီ ၁၂၀ ထဲမှာ  လဝက တံဆိပ်တုံး အတုတွေထုထားတဲ့ မြန်မာနိုင်ငံကူးလက်မှတ်အတု ကိုင်ဆောင်သူ စုစုပေါင်း  ၃၆ ဦး ပါဝင်တယ်လို့ ကန်ကျနပူရီသတင်းမှာ ဖော်ပြပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013