Home
မြန်မာသတင်း
ဟင်္သာတတောင်သူများ စိုက်ပျိုးစရိတ်မတတ်နိုင်သဖြင့် နွေစပါးကို ဧကလျှော့စိုက်နေကြရ
DVB
·
March 13, 2024
Rice Field_13032024

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်က တောင်သူတွေဟာ ဓာတ်မြေသြဇာနဲ့ စက်သုံး ဆီဈေးမြင့်တက်နေခြင်းကြောင့် စိုက်ပျိုးစရိတ်မတတ်နိုင်လို့ အခုနှစ်နွေစပါးကို ဧကလျော့ချ စိုက်နေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အရင်က ဓာတ်မြေသြဇာ တအိတ်ကို ငွေကျပ် ၄၅,၀၀၀ အထိသာရှိပြီး အခုဓာတ်မြေသြဇာတအိတ်ကို ငွေကျပ် ၁၂၀,၀၀၀ နဲ့ စက်သုံး ဒီဇယ်ဆီဈေးမှလည်း အရင်က ၁ ဂါလန် ၆၅၀၀ အထိသာ ဈေးရှိခဲ့ပြီး အခု ၁ ဂါလန်ကို ငွေကျပ် ၁၈,၅၀၀ အထိ ဈေးတက် လာတယ်လို့ သိရပါတယ်။

ဟင်္သာတမြို့နယ်က တောင်သူတွေဟာ မိုးစပါးနဲ့ နွေစပါးကို အဓိကစိုက်ပျိုးထုတ်လုပ်ကြာတာဖြစ်ပြီး စက်သုံးဒီဇယ်ဆီနဲ့ ဓာတ်မြေ သြဇာတွေ အဆမတန် ဈေးမြင့်တက်နေတာကြောင့် စပါးစိုက် ၁၀ ဧကရှိတဲ့ တောင်သူ ၁ ယောက်အနေနဲ့ ၇ ဧကသာ စိုက်ပျိုးကြတော့တယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

ဟင်္သာတတောင်သူတဦးက “စပါးကို အဓိက စိုက်တဲ့ ကျနော်တို့တွေ ဒီနှစ်နွေစပါး ၃ ဧကလောက် လျှော့စိုက်သွားတော့မယ်။ ဒီလောက် အတိုင်းအဆမရှိ တက်နေတဲ့ စက်သုံးဆီဈေးတွေ ဓာတ်မြေသြဇာဈေးတွေကြောင့်လေ၊ စိုက်ပျိုးစရိတ်တွေ မတတ်နိုင်လို့ လျော့စိုက်ခဲ့ရတာ။ စပါးဈေးကောင်းတာသာ မြင်တာ စပါးရှားလို့ ဈေးကောင်းတာ။ မိုးစပါးတွေလည်း အထွက်မကောင်းခဲ့ဘူး မြေသြဇာ စံချန်မီ မကျွေးနိုင်ခဲ့လို့လေ။ ဒါတောင် မိုးစပါးက နွေစပါးနဲ့ယှဉ်ရင် အစာနည်းနည်းပါးပါးဆို ရတယ်။ နွေစပါးကျတော့ ရေတင်စက်က လယ်ထဲမှာ အချိန်ပြည့်ထား တင်ရတာ။ မြေသြဇာကလည်း မိုးစပါးထက် သုံးဆလောက် ပိုသုံးရတာ။ မိုးစပါးကတော့ ရေက လုံးဝမလိုဘူး တပန်းသာသွားပြီ” လို့ ပြောပါတယ်။

ဟင်္သာတမြို့နယ်မှာ ပြီးခဲ့တဲ့ မိုးစပါးစိုက်ပျိုးတဲ့အချိန်က စပါး အပင်ဖျက် ရွှေခရုကျတာ၊ စပါးဖျက်ပိုးကျတာ၊ ရေကြီးရေလျှံမှုဖြစ်လို့ စပါးတွေ ပျက်စီးတာ၊ ဓာတ်မြေသြဇာနဲ့ စက်သုံးဆီဈေး တက်နေလို့ အပြည့်အဝ မသုံးနိုင်တာ စတဲ့ အခက်အခဲတွေကြောင့် စပါးတွေရိတ်သိမ်းချိန် ၁ ဧကကို စပါးတင်း ၇၀ နှုန်းသာထွက်ရှိခဲ့ပြီး အရင်အာဏာမသိမ်းခင်က စပါး ၁ ဧကကို စပါး ၉၈ တင်းကနေ ၁၀၀ အထိ ထွက်ရှိခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတောင်သူ နောက်တဦးက “နွေစပါးစိုက်ရင် ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးတွေကို အဓိကထား သုံးပေးရတယ်၊ ဒါမှစပါးအထွက် ကောင်းတာ။ ဒီအချက်တွေသိပေမယ့် စိုက်ပျိုးစရိတ် မတတ်နိုင်တော့ မစိုက်ပဲထားခဲ့တာက ပိုကောင်းတယ်လေ။ နောက်ပိုင်းထည့်ရမယ့် စရိတ်မတတ် နိုင်ပဲ စိုက်ထားလိုက်လို့ရှိရင်လည်း ဘာမှမထူးဘူး။ ဒါ့ကြောင့် ၁၂ ဧကရှိတာကို မစိုက်ဘဲ ၈ လောက်ပဲစိုက်ဖို့ လုပ်နေတာ၊ မနှစ်ကလည်း စိုက်စရိတ်မနိုင်လို့ စပါးအထွက်လျော့ချခဲ့တယ်” လို့ ပြောပါတယ်။

ဟင်္သာတခရိုင်မှာ တခြား သီးနှံတွေထက် နွေစပါးနဲ့ မိုးစပါးကို အဓိက စိုက်ပျိုးထုတ်လုပ်ကြပြီး ပြီးခဲ့တဲ့  ၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက မိုးစပါး ၁၂၉,၁၄၈ ဧကအထိ စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013