Home
မြန်မာသတင်း
ကျွန်းစုမြို့နယ်၌ တိုက်ပွဲဖြစ်ပြီး  စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံး
DVB
·
March 13, 2024
kyun 1332024

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်မှာ မတ် ၁၁ ရက် မနက် ၅ နာရီက စစ်ကောင်စီတပ်၊ ပျူစောထီးတပ်ဖွဲ့တွေနဲ့  ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၂) တို့ ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးစစ်ကြောင်း  (၂)  ရဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

အင်အား ၆ဝ ခန့်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ တပ်စွဲအထိုင်ချထားတဲ့ ဝါရစ်ကျေးရွာအုပ်စုရှိ ဂျိုးတောင်ကျေးရွာမှာ အခုလအတွင်း ထိတွေ့တိုက်ပွဲ ဒုတိယအကြိမ် ဖြစ်ပွားခဲ့တာလို့ သိရပြီး မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၂)  က အရင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

မြိတ်ခရိုင် ပူးပေါင်းစစ်ကြောင်း (၂) ရဲ့ ပြန်ကြားရေးတာဝန်ခံက “တပ်သားအသစ်တွေလည်း ထပ်ရောက်နေတယ်။ ကျနော်တို့က ထိုးစစ်ဆင်ပြီး ဝင်တိုက်တာပါ” လို့ ပြောပါတယ်။

တိုက်ပွဲမှာ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၂)  ဘက်က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့သလို စစ်တပ်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး အဆိုပါနေ့ ညနေ ၆ နာရီလောက်မှာ တိုက်ပွဲငြိမ်သက်ခဲ့တယ်လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ ပျူစောထီးတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပြီး မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၂) ဘက်က ထိခိုက်သေဆုံးသူ မရှိခဲ့ဘူးလို့ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေ့က ဂျိုးတောင်ကျေးရွာမှာ အရပ်သားပြည်သူ ထိခိုက်မှုမရှိခဲ့ပေမဲ့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်မှုတွေကြောင့် ရွာခံပြည်သူတွေ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။

မတ် ၅ ရက်ကလည်း ဂျိုးတောင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ၊ ပျူစောထီး တပ်ဖွဲ့ဝင်တွေကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးစစ်ကြောင်း (၂) က အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေ ရှိခဲ့ပါတယ်။

ကျွန်းစုမြို့နယ်မှာ တိုက်ပွဲတွေကြောင့် ကျေးရွာအများစုက အရပ်သားပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပြီး ရွာလုံးကျွတ် ထွက်ပြေးနေကြရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024