Home
မြန်မာသတင်း
ဂျပန်အစိုးရက မြန်မာအတွက် လူသားချင်းစာနာမှု အကူအညီ ကန်ဒေါ်လာ ၃၇ သန်းထပ်လှူ
DVB
·
March 13, 2024
DVB News Web01

စစ်အာဏာသိမ်းမှုဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံသားတွေအတွက် ဂျပန်နိုင်ငံက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ အမေရိကန်ဒေါ်လာ ၃၇ သန်းလောက် ထပ်မံပြီး ပေးအပ်သွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဂျပန်အစိုးရအနေနဲ့ စစ်အာဏာသိမ်းပြီးချိန်ကတည်းက မြန်မာပြည်သူတွေကို တိုက်ရိုက် အကျိုးပြုတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက တဆင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀၉ ဒသမ ၅ သန်းကျော် စဉ်ဆက်မပြတ် ပံ့ပိုးပေးခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ခုတခါ ထောက်ပံ့ကူညီမှုကိုလည်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)၊ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၊ ကုလသမဂ္ဂ အမျိုးသမီးများအဖွဲ့ (UN Women) တို့လို အဖွဲ့အစည်းတွေကတဆင့် ကူညီပေးသွားမှာဖြစ်ပါတယ်။

အထူးသဖြင့် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုတွေ၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ မွေးကင်းစ ကလေးငယ်တွေအတွက် အာဟာရ မြှင့်တင်ပေးတာ၊ ရေနဲ့ သန့်ရှင်းမှုဆိုင်ရာ အခြေခံအဆောက်အအုံတွေ၊ ပညာရေး လက်လှမ်းမီမှု၊ အစားအသောက်နဲ့ ဆေးဝါးဖြန့်ဖြူးမှု၊ လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေအတွက် ပံ့ပိုးကူညီမှု၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအမံတွေနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် ပံ့ပိုးကူညီမှုတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး ဒီအကူအညီကို မြန်မာနိုင်ငံမှာသာမက အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း ပံ့ပိုးပေးသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး ၃ နှစ် အကြာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေ ပိုမိုဆိုးရွားလာကာ နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပွားကာ အပြစ်မဲ့ ပြည်သူ အများအပြား သေဆုံး ဒဏ်ရာရရှိမှုတွေ ဆက်လက်ဖြစ်ပေါ်နေတာပါ။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ကလေးသူငယ် ၆ သန်း အပါအဝင် လူပေါင်း ၁၈ ဒသမ ၆ သန်းလောက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေသေးတယ်လို့ သိရပါတယ်။

ဂျပန်အစိုးရအနေနဲ့ မြန်မာစစ်တပ်ကို ဘေးကင်းပြီး အဟန့်အတားမရှိ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေ ဝင်ရောက်ခွင့်ပြုဖို့ အပြင်းအထန် တိုက်တွန်းထားပြီး လိုအပ်နေတဲ့ အကူအညီတွေကို ပြည်သူတွေဆီ တတ်နိုင်သမျှ ပံ့ပိုးပေးနိုင်ဖို့လည်း ဆက်လက်ပံ့ပိုးပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013