Home
မြန်မာသတင်း
ရန်ကုန်၌ ခရိုင်အလိုက် ရေကစားမဏ္ဍပ်များဆောက်ရန် စစ်ကောင်စီ စီစဥ်
DVB
·
March 13, 2024
water 1322024

ရန်ကုန်မြို့မှာ ခရိုင်အလိုက် ရေကစားမဏ္ဍပ်တွေ ဆောက်လုပ်ဖို့ စစ်ကောင်စီက စီစဥ်နေတယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ သတင်းအရင်းအမြစ်ဆီက သိရပါတယ်။

လာမယ့်သင်္ကြန်ပွဲမှာ မြို့တော်ဝန်မဏ္ဍပ်ကို အစဥ်အလာမပျက် ဆောက်လုပ်သွားမှာဖြစ်သလို ခရိုင်အလိုက် ရေကစားမဏ္ဍပ်တွေ ဆောက်လုပ်ဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး သတင်းအရင်းအမြစ်က “သင်္ကြန်ပွဲအတွက် မြို့တော်ဝန်ကို ဦးဆောင်ပြီး လုပ်ခိုင်းထားတာ။ ခရိုင်မဏ္ဍပ်တွေဆောက်ဖို့နဲ့ လုံခြုံရေး ကြိုတင်ပြင်ဆင်ဖို့တွေကို ညွှန်ကြားတာတွေရှိတယ်” လို့ ပြောပါတယ်။

ခရိုင်မဏ္ဍပ်တွေကို လုံခြုံရေးအရ စိတ်ချရမယ့် နေရာတွေမှာ ဆောက်လုပ်ဖို့ ပြင်ဆင်နေပြီး ဖျော်ဖြေရေးအတွက် အနုပညာရှင်တွေကို စည်းရုံးခေါ်ယူဖို့ ညှိနှိုင်းနေတယ်လို့လည်း အမည်မဖော်လိုတဲ့ ဌာနတွင်း သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။

ရန်ကုန်မြို့မှာ အရင်က ခရိုင်လေးခုသာရှိပြီး စစ်အာဏာသိမ်းပြီးနောက်မှာ ခရိုင် ၁၀ ခု ထပ်တိုးလိုက်တာကြောင့် ခရိုင်အလိုက် ရေကစားမဏ္ဍပ် ၁၄ ခု ဆောက်လုပ်မယ့်သဘော တွေ့ရတယ်လို့ သူတို့က ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီက သင်္ကြန်ပွဲမှာ ပြည်သူတွေ ပျော်ရွှင်နေတယ်ဆိုတဲ့ ပုံရိပ် ပြဖို့အတွက် ပြင်ဆင်လုပ်ဆောင်လေ့ရှိတာ ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီကပြုလုပ်တဲ့ သင်္ကြန်မဏ္ဍပ်တွေရှိရာကို ပြည်သူအများစုက သွားရောက်တာမရှိလို့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို အလှည့်ကျစနစ်နဲ့ ဖိအားပေး သွားရောက်လည်ပတ်စေတာမျိုးတွေ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ပုဂ္ဂလိက ရေကစားမဏ္ဍပ်တွေ ဆောက်လုပ်ဖို့ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဖိတ်ခေါ်ခဲ့တာရှိပေမဲ့ ဒီနှစ်မှာတော့ အခုအချိန်အထိ အဲဒါနဲ့ပတ်သက်လို့ ကြေညာတာ မရှိသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013