ပြည်မြို့ ရွှေတံခါးမြို့သစ်နဲ့ တောင်ဘက် ငါးမိုင်ခန့် တဆက်တည်းရှိတဲ့ မှော်ဇာဘက်မှာ အေဒီ ၄ ရာစုမှ ၉ ရာစုအတွင်း ပေါ်ပေါက်ခဲ့တဲ့ ပျူ သရေခေတ္တရာ မြို့ပြနိုင်ငံတခုရဲ့ လက်ကျန် မြို့ရိုး၊ မြို့တံခါးတွေနဲ့ ဘာသာရေးဆိုင်ရာ စေတီပုထိုးတချို့ကို အခုထိ ထင်ရှားစွာ တွေ့ရှိနိုင်ပါတယ်။ မြန်မာပြည်အရပ်ရပ်က ဧည့်သည်တွေ၊ ရှေးဟောင်းသမိုင်းဆိုင်ရာကို လေ့လာနေကြတဲ့ နိုင်ငံခြားသားတွေလည်း သိကြပါတယ်။
(မဆလ) ခေတ် ဗိုလ်နေဝင်း လက်ထက်ကတည်းက မှော်ဇာဒေသဘက်က ရှာဖွေတွေ့ရှိခဲ့တဲ့ ရှေးဟောင်းအုတ်ချပ်တွေ၊ ပုတီးစေ့တွေ၊ ဘုရားရုပ်ပွားတော်တွေ၊ အနုပညာလက်ရာတွေ၊ အရိုးအိုးတွေကိုလည်း မှော်ဇာပြတိုက်ထဲမှာ ပြသထားခဲ့ပါတယ်။
ဒါ့အပြင် ဘုရင်တွေနဲ့ တော်ဝင်မိသားစုတွေရဲ့ သင်္ချိုင်း၊ ဒေသခံတွေရဲ့ အရိုးအိုး သုသာန်တွေလည်း ရှာဖွေပြသထားနိုင်ခဲ့ပါတယ်။ ဒီအထဲမှာ ထင်ရှားတာက ဖရေကြီး (ဘုရားကြီး)၊ ဘောဘောကြီး၊ ဘုရားမာ၊ ဘဲဘဲဂူဘုရား၊ လေးမျက်နှာဘုရားတို့နဲ့ အောင်မြင်ပါဟု စတဲ့ စေတီကြီးတွေကလည်း အထင်တရှားနဲ့ အခုခေတ်အထိ ကျန်ရှိနေခဲ့သလို မြို့အဝင်တံခါးပေါင်း တံခါးကြီး ၃၂၃ ပေါက်၊ တံခါးငယ် ၃၃ ပေါက် ရှိခဲ့ကြောင်း သမိုင်းတွေမှာ ဖော်ပြထားပေမဲ့ လက်ရှိမှာတော့ အရှေ့ဘက်ရှိ မုဋ္ဌောပေါက်နဲ့ တွင်းဗြဲပေါက်၊ အနောက်ဘက်ရှိ ရွှေတံခါးပေါက်နှင့် မုတ်ရှည်ပေါက်၊ တောင်ဘက်ရှိ ရဟန္တာပေါက်၊ ဘီလူးမပေါက်နဲ့ သာယာဝတီပေါက်၊ မြောက်ဘက်ရှိ နတ်ပေါက်နဲ့ နဂါးတွန့်ပေါက်တို့အဖြစ် အမည်ပဲ ကျန်နေခဲ့ကာ မျက်မြင်အနေနဲ့ကတော့ နတ်ပေါက်တံခါး၊ နဂါးတွန့်တံခါး၊ လုလင်ကျော်တံခါး၊ ရဟန္တာတံခါးတွေကိုပဲ တွေ့ရပါတော့တယ်။
အဲ့ဒီနေရာတွေကတော့ လူသွားလူလာများတဲ့ နေရာမလို့ လူသိကြပေမဲ့ တောထဲတွေနဲ့ တောင်တန်းတွေပေါ်မှာ ဒီနေ့အထိရှိနေတဲ့ သံချက်ဖိုကြီးတွေကိုတော့ ဒေသခံတွေတောင် သိသူနည်းကြပြီး တောထဲမှာ သဘာဝအတိုင်း ရှိနေတာကြောင့် ဆက်လက်တည်တံ့ဖို့ အတွက်က ရင်လေးစရာပါ။
ဗိုလ်နေဝင်းအစိုးရ၊ စစ်အစိုးရတွေ လက်ထက်တုန်းကတော့ မြေပေါ်မြေအောက် သယံဇာတကို အစိုးရကပိုင်တယ်ဆိုတဲ့ ဥပဒေကြောင့် ဆင်းရဲလွန်းလှတဲ့ ဒေသခံတွေက လယ်ထွန်ရင်း၊ ရေတွင်းတူးရင်း၊ အိမ်သာတွင်းတူးရင်း ရရှိခဲ့တဲ့ ရွှေထည်ပစ္စည်း အပါအဝင် ရှေးဟောင်းပစ္စည်းတွေကို တန်ဖိုးကြီးပေး ဝယ်တဲ့သူတွေကို တိတ်တိတ်လေး ရောင်းချခဲ့ကြတာပေါ့။
တိုင်းချစ်ပြည်ချစ်စိတ်ထားပြီး ဒီဟာက ငါတို့တိုင်းပြည်ရဲ့ ရှေးဟောင်းအမွေအနှစ်ဆိုပြီး ဘယ်သူမှ အစိုးရကို သွားမအပ်ချင်ကြပါဘူး။ လတ်တလော ဆင်းရဲတွင်းက ရုန်းထွက်ဖို့ပဲ စိတ်ဝင်စားကြတာပါ။ ဒါကလည်း တတိုင်းပြည်လုံး စစ်တပ်နဲ့ အစိုးရကပဲ စီးပွားဖြစ်နေတာကိုး။ တိုင်းပြည်လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းက လယ်သမားနဲ့ တောနေလူတန်းစားတွေ ဆိုတော့ စစ်ဗိုလ်တွေနဲ့ အစိုးရပုဂ္ဂိုလ်တွေရဲ့ ချမ်းသာကြွယ်ဝမှုကို အားကျကြတာပေါ့။
နောက်တခုက မျိုးချစ်စိတ် ပြင်းထန်လွန်းပြီး ကိုယ့်လယ်ထဲက ကောက်ရခဲ့တဲ့၊ တူးဖော်ပြီး ရလာခဲ့တဲ့ ရှေးဟောင်းပစ္စည်းတခုခုကို အစိုးရကို သွားအပ်ခဲ့ရင်လည်း မတော်လို့ ထောင်ပါကျသွားခဲ့တာမျိုးလည်း ကြားဖူးထားတော့ လူတွေက ကိုယ်ရကိုယ်ယူစိတ်ပဲ ထားကြတော့တာပေါ့။ အဲဒီတော့ ပျူခေတ်က လက်ရာတွေ၊ ရှေးဟောင်းပစ္စည်းတွေက တရုတ်နဲ့ ထိုင်းနိုင်ငံနဲ့ တခြားတိုင်းပြည်တွေကို ရောက်သွားကြတာ များပါတယ်။
အဲ့ဒီအထဲမှာ အထင်ရှားဆုံးက ၁၉၆၇ ခုနှစ်တုန်းက ဘုရားမာဘုရားအနီးမှ ရရှိခဲ့ပြီး ပျောက်ဆုံးသွားခဲ့တဲ့ ပြည်သရေခေတ္တရာရဲ့ ထင်ရှားတဲ့ Trade Mark ဖြစ်လာခဲ့ရတဲ့ ပျူကချေသည်ရုပ်တုဖြစ်တဲ့ ကခုန်နေသူ၊ ဗုံတီးနေသူ၊ ပလွေမှုတ်နေသူ၊ လင်းကွင်းတီးနေသူနဲ့ ကျောပေါ်မှာ အထုပ်တထုပ်ကို ထမ်းထားတဲ့ အရုပ်ကိုလည်း ၁၉၈၃ ခုနှစ်ကျမှ အမေရိကန်ပြည်ထောင်စုမှ သူဌေးတဦးက ပြန်လည်ပေးအပ်ခဲ့လို့ ပြန်ရရှိခဲ့တာပါ။
ဒေသခံတွေကလည်း သိတယ်။ သူတို့ကသာ မျိုးချစ်စိတ်နဲ့ သွားအပ်တာ၊ အဲ့ဒီ ရသမျှ ရှေးဟောင်းရွှေထည်နဲ့ တန်ဖိုးကြီးတဲ့အရာတွေ မှန်သမျှက ဗိုလ်နေဝင်း လက်ထက်မှာ အများဆုံး တူးဖော်ရရှိခဲ့ပြီး အဲဒီရရှိခဲ့တဲ့ အရာတွေမှန်သမျှက သူ့မိသားစုပိုင်ပဲ ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်တွေတုန်းက သတင်းစာတွေမှာလည်း ဖော်ပြလေ့မရှိပါဘူး။
၁၉၈၀ ပြည့်နှစ် ပတ်ဝန်းကျင်တုန်းက ရွှေတောင်မြို့နယ်ထဲက ဖိုးသိန်းတန်ရွာဘက်မှာ မြေတူးရင်း ရွှေဒင်္ဂါးအိုးလိုက်တွေ ရရှိခဲ့တာကနေ တရွာလုံး ဝိုင်းတူးလိုက်ကြရင်းနဲ့ ဆင်ချပ်ဝတ်တန်ဆာ ရွှေထည်၊ ဆင်နှာဖူး သင်းကျစ် ပတ္တမြားတွေ၊ ရွှေဒင်္ဂါးတွေ၊ ရွှေထည်ပစ္စည်းတွေ ပိဿာပေါင်းများစွာ ရရှိခဲ့ကြတယ်။ ရွာက အခြေခံလူတန်းစား၊ ရေလုပ်သား၊ ဆင်းရဲသား အများစုနေတဲ့နေရာဖြစ်တော့ ရတဲ့ပစ္စည်းကို သိုသိုသိပ်သိပ် မထားနိုင်ကြဘဲ ပြည်မြို့ကို တက်ရောင်းချပြီး နေ့ချင်းဆိုသလို အိမ်မိုးသွပ်တွေဝယ်၊ ဖီးဆန့်စက်ဘီးတွေဝယ်၊ လယ်ကန်းရိုးပေါ်တွေမှာ စီးကြ၊ အဝတ်အစားအသစ်တွေ ဝယ်ဝတ်ကြ၊ မြို့တက်ပြီး စားသောက်ဆိုင်တွေမှာ စားကြသောက်ကြ လုပ်ကြတော့ စစ်ထောက်လှမ်းရေးက သိပြီး ရွာကို သံဆူးကြိုးတွေနဲ့ ဝင်းခတ်ပြီး တအိမ်တက်တအိမ်ဆင်း ရှာဖွေပြီး ရသမျှပစ္စည်းတွေ အကုန်သိမ်းဆည်းသွားရုံမက လူတော်များများလည်း စစ်ကြောရေးခေါ် ရိုက်နှက်ပြီး သူတို့ ရောင်းချထားတဲ့ ဆိုင်တွေကိုပါ လိုက်လံသိမ်းဆည်းခဲ့တာပေါ့။ အဲ့ဒါတင်မက ဒေသခံတွေ တူးဖော်ထားတဲ့ နေရာတွေမှာလည်း စစ်တပ်က စစ်သားတွေနဲ့ နေ့ရောညပါ ထပ်မံတူးဖော်ခဲ့ကြသေးတာ။ ပြည်မြို့ပေါ်က ရွှေဆိုင်တချို့ဆို သူတို့ဝယ်ထားတဲ့ ရွှေထည်တွေသာမက ဆိုင်ကရွှေတွေပါ အဖမ်းမခံရရေးအတွက် စစ်ထောက်လှမ်းရေး သိမ်းတာကို ခေါင်းငုံ့ခံခဲ့ရပါတယ်။
ပစ္စည်းတွေက တကယ်တော့ နရသီဟပတေ့မင်း လက်ထက်က ရတနာတွေဖြစ်ပြီး ဗိုလ်နေဝင်းက အရင်ဘဝက အဲဒီဘုရင်ဖြစ်ခဲ့ပြီး သူ့ကိုယ်ပိုင်ဘဝအဟောင်းက ပစ္စည်းတွေ ပြန်လည်ရရှိခဲ့တာလို့ ဆိုပြီး ပေါင်းတလည်က သူ့အမျိုးအသိုက်အဝန်းကြားမှာ ပြောကြားနေကြကြောင်း၊ အဲဒီခေတ်က ပြည်မြို့က လက်ဖက်ရည်ဆိုင်တွေမှာတော့ တိုးတိုးတိတ်တိတ် ပြောဆိုမှုအများဆုံး အကြောင်းအရာတခုအနေနဲ့သာ လက်ဆင့်ကမ်း ကျန်ရစ်နေခဲ့ပြီး အရှက်ကင်းမဲ့စွာ ကိုယ်ပိုင်ပစ္စည်း ပြုလုပ်ခဲ့ပြီး အဲဒီအတွက် အရိုက်အနှက်ခံရ၊ ထောင်ကျခဲ့သူတွေ များစွာရှိခဲ့ဖူးပါတယ်လို့ ၁၉၇၄ ခုနှစ် နိုင်ငံရေးအကျဥ်းသားဟောင်း တယောက်က ပြောပါတယ်။
အလားတူ ပေါက်ခေါင်းမြို့နယ်ထဲက ပဲခူးရိုးမပေါ်မှာ သီတင်းသုံးပြီး တောရတည်ဆောက်နေတဲ့ တရုတ်နွယ်ဖွား ဘုန်းကြီးတပါးရဲ့ တဲကျောင်းလေးကို မိုးတွင်းအခါမှာ တောင်ကျရေတွေ ဒလဟောကျပြီး တဲလေးအောက်ခြေ အလယ်လောက်ကနေ ရေစီးကျောင်းကြီးဖြစ်ပြီး တညလုံး မိုးထဲမှာ ငုတ်တုတ်ထိုင်နေခဲ့ရပါတယ်။ နောက်နေ့မနက် မိုးလင်းပြီး မိုးလည်းတိတ်သွားတော့မှ ညက တောင်ကျရေစီးကြောင်းကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ ချောင်းထဲမှာ သေတ္တာကြီးတွေ ပေါ်လာတော့မှ ပြည်မြို့မှာ နေနေတဲ့ ညီတွေကို ပြန်လာခေါ်ပြီး အထဲကိုဖွင့်ကြတော့ ရှေးဟောင်းရတနာပစ္စည်းတွေ ပိဿာပေါင်းများစွာနဲ့ ကျောက်သံပတ္တမြားတွေကို ဘုန်းကြီးရဲ့ညီတွေ ရရှိသယ်ယူသွားခဲ့ပြီး သိပ်မကြာပါဘူး၊ စစ်ထောက်လှမ်းရေး အနံ့ရသွားပြီး ဘုန်းကြီးကို ပြည် မြင်းကြီးတောင်ပေါ် စစ်ကြောရေးမှာ ရိုက်နှက်စစ်ဆေးကာ ထောင်ထဲထည့်လိုက်ပြီးတော့ အဲဒီကရတဲ့ ရှေးဟောင်းရတနာပစ္စည်းတွေ ပိဿာပေါင်းများစွာနဲ့ ကျောက်သံပတ္တမြားတွေကို ရဟတ်ယာဉ်နဲ့ကို လာပြီး သယ်ဆောင်သွားခဲ့တာကလည်း အဲဒီအချိန်တွေကို မီခဲ့တဲ့ အသက် ၅၀ ကျော် ပြည်သားတွေ၊ ပေါက်ခေါင်းသားတွေ သိကြပါတယ်။ ဒါပေမဲ့ အဲဒီကိစ္စကလည်း ဘယ်သတင်းစာမှာမှ ပါမလာခဲ့ပါဘူး။
အဲ့ဒီအချိန်တွေတုန်းကတည်းက သရေခေတ္တရာ ရှေးဟောင်းနယ်မြေထဲမှာ တောင်ယာခုတ်ရင်း၊ ထွန်ယက်ရင်း ဒေါင်းဘယက်တို့၊ နားတောင်း၊ ဒင်္ဂါးတွေ မကြာခဏ ရရှိခဲ့ကြတာတွေ များစွာရှိကြတာကြောင့် တချို့တွေက ဈေးပေါတဲ့ မှော်ဇာဘက်မှာ၊ မြင်ပါဟုဘက်မှာ မြေတွေဝယ် ခြံခတ်ပြီး တိတ်တိတ်လေး တူးဖော်ကြတာ၊ ရွှေကျင်ကြတာတွေ လုပ်ကြတာပေါ့။ ပြည်ဘက်က ရွှေဝယ်တဲ့သူတွေပါ တောအထိ ဆင်းဝယ်ကြပြီး ရွှေတုံးလုပ်ပြီး ရန်ကုန်၊ မန္တလေးမြို့တွေအထိ တင်ပို့ကြတဲ့ ရွှေလုပ်ငန်းလုပ်သူတွေ အများကြီး ကြီးပွားခဲ့ကြပါတယ်။ အဲ့ဒီကာလတွေတုန်းက အလုပ်အကိုင်တွေ မကောင်းကြတော့ တယောက်ကြီးပွားရင် ဝိုင်းလုပ်ကြတဲ့ စရိုက်ကြောင့် လူတွေအများကြီး ရွှေကျင်ဖို့ သွားလုပ်ကြတာကြောင့် နောက်ပိုင်းကို မှော်ဇာနဲ့ မြို့သစ်ဘက်မှာ ရွှေကျင်ခွင့်၊ ရေတွင်း၊ အိမ်သာတွင်းပါ တူးဖော်ခွင့် ပိတ်ထားခဲ့တာ၊ နောက်တော့ ၈၈ အရေးတော်ပုံကြီး ဖြစ်နေချိန်မှာတော့ အစိုးရ ခေတ္တပြတ်သွားတဲ့အချိန်မှာ မှော်ဇာနဲ့ မြို့သစ်ဘက်မှာ တူးကြတာ နေ့ရောညပါပဲ။ နောက်တော့ အာဏာသိမ်းပြီးတော့ နေရာတော်တော်များများမှာ တွင်းကြီးတွေ ဖြစ်ကျန်နေခဲ့တဲ့အထိပဲ။
အဲဒီလိုမျိုး တန်ဖိုးမထားတတ်တဲ့ အစိုးရနဲ့ သူ့အတွက်ပဲကြည့်တဲ့ အစိုးရကြောင့် အခုလိုတွေ ဖြစ်ခဲ့ရတာ။
မဆလခေတ်တွေ မတိုင်ခင်ကာလတွေကတည်းက ပြည်မြို့ သရေခေတ္တရာ မြို့ပြနိုင်ငံ တခုရယ်လို့ ရှိနေခဲ့တာကို ပြည်မြို့ကလူတွေ သိသလို မသိသလိုလိုပါပဲ။ တချို့ သိတဲ့သူ အနည်းငယ်လောက်ကတော့ မှော်ဇာဘက်မှာ အမျိုးတွေရှိလို့ သွားလည်ရင်း ရှေးဟောင်းပြတိုက်ကို တွေ့ပြီး သိသလို မသိသလိုလိုလောက်ပါပဲ။ အဲဒီပြတိုက်ကလည်း အမြဲသော့ပိတ်ထားပြီး ဘယ်အချိန်ကျမှ ဖွင့်ပြသလဲ ဆိုတာကိုလည်း မသိကြတော့ ထွေထွေထူးထူး သတိမထားမိကြပါဘူး။
တန်ဖိုးထားဖို့၊ ထိန်းသိမ်းဖို့ဆိုတဲ့ အသိလည်း မရှိကြပါဘူး။ ကိုယ့်ထမင်း ကိုယ်ရှာစားနေရတာကပဲ သူတို့စိတ်ကို လွှမ်းမိုးထားကြတာ။ အင်္ဂလိပ်ခေတ်ကတည်းက မှော်ဇာ ရှေးဟောင်းနယ်မြေနဲ့ မြို့ရိုးကိုဖြတ်ပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံး ရထားလမ်းကို ၁၈၇၄ ခုနှစ် စက်တင်ဘာလမှာ စတင်ဖောက်လုပ်ပြီး ၁၈၇၇ ခုနှစ် မေ ၁ ရက်နေ့ ရထားလမ်း ဖွင့်လှစ်ခဲ့ပြီး ရထားလမ်း ပြေးဆွဲခဲ့ပါတယ်။ အဲဒီတုန်းကတည်းက ရှေးဟောင်းနယ်မြေထဲ ရထားလမ်းဆောက်တဲ့အထဲမှာ ရှေးဟောင်းအုတ်တွေ ယူသုံးခဲ့ကြတာကို နောက် ဒီဘက်ခေတ်ကျမှ သတိထားမိကြပါတယ်။ ဒေသခံအများစုက အဲဒီတုန်းက မြန်မာပြည်မှာ ပထမဆုံး ရထားစီးရတာကို ပိုပြီး ဂုဏ်ယူနေကြမှာပါ။
သံချက်ဖိုကြီးတွေ ရှာဖွေရေး
အခုပြောပြချင်တာက သရေခေတ္တရာခေတ်က သံချက်ဖိုကြီးတွေ အကြောင်းပါ။ အဲ့ဒါတွေကိုလည်း ဒေသခံတွေတောင် မသိသူ များပါတယ်။ ကိုယ်တွေ ပြည်မြို့မှာ သတင်းရိုက်ကူးရင်းနဲ့ အနည်းအပါး သိလာခဲ့တာပါ။
အဲဒီခေတ်တုန်းက သရေခေတ္တရာ မြို့ပြနိုင်ငံမှာ သံကို တွင်းထွက်ပစ္စည်းအနေနဲ့ တူးဖော် ကျိုချက်ပြီး လယ်ယာသုံးပစ္စည်း၊ စစ်လက်နက်နဲ့ အသုံးအဆောင်ပစ္စည်းတွေအဖြစ် ထုတ်လုပ် အသုံးပြုနေကြပြီဆိုတဲ့ သမိုင်းဆိုင်ရာ ဆက်စပ်မှုပါပဲ။ ဒါပေမဲ့ အဲဒီ သံချက်ဖိုကြီးတွေကို သမိုင်းဆိုင်ရာ အမွေအနှစ်အနေနဲ့ အခုထိ ထိန်းသိမ်းစောင့်ရှောက်မှု မရှိသေးပါဘူး။
ပျူခေတ်က ကုန်ပစ္စည်းဖလှယ်ပြီး ဈေးရောင်းဈေးဝယ်ခဲ့ရာကနေ ဒင်္ဂါးသွန်းလုပ်ပြီး ငွေကြေးစနစ် ပေါ်လာခဲ့တာကိုတော့ ပျူုဒင်္ဂါးတွေကတဆင့် သိနေခဲ့ကြပေမဲ့ သံကို ကျိုချက် ပုံဖော်ပြီး အသုံးပြုနေပြီ ဆိုတာကိုတော့ သိသူနည်းပါတယ်။
ဒါပေမဲ့ ကိုယ်တွေက ဒေသခံ သတင်းထောက်ဆိုတော့ အဲဒီအကြောင်းကို လူတယောက် ပြောပြဖူးလို့ သိခဲ့ရပြီး အဲဒီသံချက်ဖိုတွေကို တောထဲမှာ လိုက်လံရှာဖွေခဲ့တာပေါ့။ ရှေးဟောင်းနယ် MZ၊ PZ လို့ သတ်မှတ်ထားတဲ့ နယ်မြေတခုလုံးမှာ ရှာပေမဲ့ မတွေ့ဘဲ သတင်းတော့ ရခဲ့ပါတယ်။ အဲဒါက အောင်မြင်ပါဟုဘုရား နောက်ကျောဘက်က တောင်တန်းတွေပေါ်မှာ တွေ့ခဲ့ဖူးကြောင်း တောထဲမှာ သစ်ဝါးခုတ်တဲ့ သူတယောက်နဲ့ အဆက်အသွယ် ရခဲ့ပြီး သူ့အကူအညီနဲ့ပဲ တောထဲကို ဝင်ခဲ့ကြတာပေါ့။
အဲဒီနေရာတွေက ပြည်ကနေ ရန်ကုန်သွားတဲ့ မြို့ရှောင်လမ်း၊ ဘုရင့်နောင်လမ်းမကြီးပေါ်ကနေ မြေပဒေသာရွာ အနီးမှာ ရွှေတောင်မြို့ဘက်ကို သွားလို့ရတဲ့ တောလမ်းတခု ရှိပါတယ်။ အဲ့ဒီလမ်းအတိုင်း ဆိုင်ကယ်တွေနဲ့ဝင်သွားရင် မြင်ပါဟုဘုရား နောက်ကျောဘက်ကို ရောက်ပါတယ်။ အဲဒီနေရာမှာ ဆိုင်ကယ်တွေကို ထားခဲ့ရပြီး တောခပ်ထူထူ တောင်တန်းလေးတခုပေါ်ကို တက်ပြီး ၁ နာရီကျော်လောက်သွားမှ တောင်ထိပ်နဲ့ ထောင်ထိပ် အနီးပတ်ဝန်းကျင်တွေမှာ စတွေ့ခဲ့ရတာပါ။ အဲဒီတောလေးက သဘာဝ ကြိုးပြင်ထိန်းသိမ်းရေး သစ်တောလေးတခုဖြစ်ပြီး ဧကအနေနဲ့ ရာနဲ့ချီပြီး ရှိမယ်ထင်ပါတယ်။ တောင်တန်းနဲ့ ရှိုမြောင်တွေလည်း ရှိပါတယ်။ အဲဒီတောက နည်းနည်းထူထပ်ပြီး ကိုယ်တွေတောင် အဲဒီတောထဲက ပြန်မထွက်တတ်လို့ နာရီနဲ့ချီပြီး လမ်းပျောက်ခဲ့ရပါတယ်။
အများစုက တောင်တန်းတွေပေါ်မှာ တည်ဆောက်ထားတာကို တွေ့ရတဲ့အတွက် မီးအားကောင်းဖို့အတွက် လေကြောင်းကောင်းတဲ့နေရာတွေမှာ တည်ဆောက်ထားပုံ ရပါတယ်။ အဲ့ဒီနေရာကို အောင်မြင်ပါဟု ဘုရားဘက်ကနေ သွားဖို့မလွယ်ပါဘူး။ ဒါပေမဲ့ ဘုရားထိပ်ကိုတော့ တောထဲကနေ တခါတလေ မြင်ရပါတယ်။
အဲဒီ သံချက်ဖိုကြီးတွေက လူတရပ်အမြင့်နဲ့ အဲ့ဒီထက် နည်းနည်းပိုမြင့်တဲ့ အရွယ်အစားရှိပြီး လူ သုံးလေးယောက်ဖက်မက အကျယ်ရှိပါတယ်။ အဖျားက နည်းနည်းရှူးသွားပါတယ်။ နံပြားဖို၊ ပေါင်မုန့်ဖုတ်တဲ့ဖို အသေးလေးတွေနဲ့လည်း တူပါတယ်။ ရွှံ့စေးနဲ့ မြေနီ သဲမြေတွေနဲ့ မံထားတယ်လို့ ထင်ရပါတယ်။ မာခေါက်ခေါက်နဲ့ မီးကြပ်နေတဲ့ပုံပါ။ အနီးအနားမှာလည်း သံချော်တွေ အစအနတွေ တွေ့ခဲ့ရပါတယ်။ ဂဟေစော်တဲ့အခါ ကြွင်းကျန်နေခဲ့တဲ့ ချော်နဲ့တူပါတယ်။
အဲဒါက အမြင်ကိုပြောတာပါ။ တကယ်က ရွှံ့စေးနဲ့ မံထားတဲ့ ဖိုတဖိုက နှစ်ရာချီမက ရှိနေခဲ့ပြီး နောက်အရှည်သဖြင့် ဆက်လက်တည့်တံ့ပါ့မလား ဆိုတာကိုလည်း စိုးရိမ်ခဲ့ရပါတယ်။ အခုတောင် မိုးရွာလာလို့ ပြိုကျသွားလေမလားလို့လည်း စိုးရိမ်နေခဲ့ရပါတယ်။ ဒါပေမဲ့ တကယ်တော့ ဒီဖိုတည်ဆောက်ထားတဲ့ပုံက ရွှံ့စေးတမျိုးတည်းနဲ့တော့ မဖြစ်နိုင်လောက်ဘူး၊ နည်းပညာတခုခုတော့ ပါလိမ့်မယ်လို့ ထင်မိပြီး အထင်ကြီး လေးစားမိပါတယ်။
နောက် ငါတို့ရွေးချယ်တဲ့ အစိုးရ မကြာခင်ရတော့မှာ၊ အဲဒီတော့မှ ပြည်သူ့အစိုးရစစ်စစ်ကို ပြောပြပြီး ထိန်းသိမ်းဖို့၊ ကိုယ်တတ်တဲ့ သတင်းစာပညာနဲ့ တွန်းအားပေးတော့မယ်ပေါ့။ အဲဒီတုန်းက ပျူခေတ်က သံချက်ဖိုများ ထိန်းသိမ်းဖို့ လိုအပ်နေပြီဆိုပြီး သတင်းတပုဒ် ထုတ်ခဲ့ပါသေးတယ်။ အဲဒီသတင်းထုတ်ဖို့ တာဝန်ရှိသူ၊ ရှေးဟောင်းသုတေသနဌာနက ပညာရှင် တာဝန်ရှိသူကို သွားမေးတော့ သူကတော့ ထိန်းသိမ်းဖို့ အမှန်တကယ် လိုအပ်နေကြောင်း၊ သူ့အထက်က ဝန်ကြီးဌာနကိုလည်း တင်ပြထားကြောင်း ဖြေကြားပေးခဲ့ပါတယ်။ ဒါပေမဲ့ Off Record အနေနဲ့ ထပ်ပြောပြခဲ့တာက ဘတ်ဂျက်မရှိကြောင်းနဲ့ ခင်ဗျားတို့ သတင်းမီဒီယာအားလည်း လိုကြောင်း၊ အခုလို များများဖော်ပြမှ ဘတ်ဂျက်လေး ဘာလေးကျပြီး လုပ်ခွင့်ရမှ ထိန်းသိမ်းနိုင်မှာ၊ မဟုတ်လို့ ကြာရင် ပျောက်ပျက်သွားရင် တိုင်းပြည်အတွက် နှမြောစရာပဲဆိုပြီး ပြောပြခဲ့ပါတယ်။
အဲဒီသတင်း ထုတ်လိုက်တော့မှ ကိုယ်တွေသတင်းကိုကြည့်ပြီး ပေါက်ခေါင်းဘက်က ဒေသခံ တချို့က ဆက်သွယ်ပြီး သတင်းပေးလာပါတယ်။ ပေါက်ခေါင်းကနေ ရိုးမပေါ်သွားတဲ့ ပေါက်ခေါင်း-တောင်ငူ လမ်းမပေါ်က ကျေးရွာတရွာမှာ အဲဒီလိုမျိုး သံချက်ဖိုတွေရှိကြောင်း ရိုးမပေါ်က နွားသိုးတောင်ပေါ်မှာလည်း သံချက်ဖိုတွေရှိကြောင်း သတင်းပေးလာပါတယ်။
မြန်မာနိုင်ငံ ပျူခေတ် ဘီစီ ၅၀၀ မှ အေဒီ ၉၀၀ အထိ ကာလကို သံခေတ်ဟု ခေါ်ဆိုနိုင်ပါတယ်။ ပျူယဉ်ကျေးမှု မြို့ပြနိုင်ငံများဖြစ်သော သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း၊ တကောင်း စတဲ့ ဒေသတွေမှာ ရှေးဟောင်းသံချက်ဖိုတွေကို တွေ့ရပြီး မြန်မာနိုင်ငံအရပ်ရပ်ရှိ သံချက်ဖိုကြီးများဟာ သံထည်ပစ္စည်းတွေ ထုတ်လုပ်ရာ မူရင်းဌာနကြီးတွေ ဖြစ်ကြကြောင်း မြန်မာ့စွယ်စုံကျမ်းကနေ သိရပါတယ်။
ပျူမြို့တော်ဟောင်းများအနက် သရေခေတ္တရာမြို့ဟောင်းဟာ သံလက်နက်ပစ္စည်းကိရိယာတွေ အထုတ်လုပ်နိုင်ဆုံးဖြစ်ခဲ့ပြီး အဖွံ့ဖြိုး အတိုးတက်ဆုံး ဖြစ်ခဲ့ကြောင်းကို တူးဖော်မှုမှ ရရှိခဲ့တဲ့ သံမယ်နကြီးတွေ၊ သံချွန်၊ သံချိတ်၊ သံဓားတွေ၊ သံမှို၊ သံလှံတံ၊ သံတူရွင်း၊ သံဆင်ရုပ် စတဲ့ ယဉ်ကျေးမှုအမွေအနှစ် ပစ္စည်းတွေက သက်သေခံလျက် ရှိပါတယ်။ ပျူခေတ်မှာ အသုံးပြုခဲ့တဲ့ သံလက်နက် ကိရိယာတန်ဆာပလာတွေကို ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့အနီးရှိ သရေခေတ္တရာမြို့ဟောင်း တောင်ဘက် မြင်ဗာဟုတောင်ကြောနဲ့ မြို့ဟောင်း အရှေ့ဘက်ရှိ ပေါက်ခေါင်းမြို့နယ်တို့ရှိ သံချက်ဖိုတွေမှ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကျန်ရှိတဲ့ ပျူမြို့ဟောင်းဒေသတွေမှာလည်း သံချက်ဖိုတွေကို တွေ့ရှိနိုင်ပါသေးတယ်လို့ စွယ်စုံကျမ်းမှာ ဖော်ပြထားပါတယ်။
နောက်တော့ ၂၀၁၄ ခုနှစ် ဇွန် ၂၂ ရက်က ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့အမွေအနှစ် အစည်းအဝေးမှာ သရေခေတ္တရာ ပျူမြို့ဟောင်း အပါအဝင် ဟန်လင်း၊ ဗိဿနိုး၊ ပျူမြို့ဟောင်း သုံးမြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ယူနက်စကိုက အသိအမှတ်ပြုခဲ့ပြီး ယူနက်စကိုရဲ့ ထိန်းသိမ်းမှုအောက်ကို တစိတ်တပိုင်း ကျရောက်ခဲ့ရပေမဲ့ ဒေသတွင်းမှာ ကျူးကျော်အိမ်တွေ တိုးချဲ့တည်ဆောက်လာကြတာ၊ ယူနက်စကိုက သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာကြတာတွေကြောင့် ရှေးဟောင်းနယ်မြေထဲ နေထိုင်သူတွေနဲ့ ရှေးဟောင်းသုတေသနဌာနတွေ ပြဿနာ ခဏခဏ ဖြစ်ခဲ့ရပါတယ်။
ပိုဆိုးဝါးလာတာက ပျူခေတ်က နန်းတော်ကုန်းနဲ့ အဆောက်အဦတွေ တည်ဆောက်ရာမှာ ပန္နက်ရိုက်တဲ့အနေနဲ့ အဲဒီခေတ်ကတည်းက အသုံးပြု ထုတ်လုပ်ထားတဲ့ ၃-၄ ပေခန့်ရှည်တဲ့ သံမယ်န သံချောင်းတွေပါ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက အခိုးခံလိုက်ရပါသေးတယ်။ တရားခံလည်း မမိသလို ပြန်လည်းမရရှိခဲ့ပါဘူး။
ကိုးကား - မောင်သာ(ရှေးဟောင်းသုတေသန)
- စွယ်စုံကျမ်း