Home
မြန်မာသတင်း
စစ်ကောင်စီကို ဝေဖန်မှုစွဲချက်ဖြင့် ဟင်္သာတဒေသခံ ၁၃ ဦး ဖမ်းဆီးခံရ
DVB
·
March 12, 2024
hin 1232024

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း Facebook လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်တဲ့စာတွေ ရေးတင်တာကြောင့်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေက ဒေသခံ ၁၃ ဦးအထိ ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၉ ရက်အထိ တလအတွင်း ဒေသခံအမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်နဲ့ ရဲတွေက စစ်ကောင်စီကို ဝေဖန်တဲ့စာတွေ Facebook လူမှုကွန်ရက်ပေါ် ရေးတင်တာကြောင့်လို့ စွပ်စွဲပြီး ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတဦးက “အရပ်သားတွေရဲ့ လက်ကိုင်ဖုန်းတွေကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ယူပြီး လူမှုကွန်ရက်ပေါ် နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့စာတွေ၊ စစ်ကောင်စီကို ဝေဖန်တဲ့စာတွေ ရေးတင်တာကြောင့် တင်ထားတာတွေ့လို့ဆိုပြီး ဖမ်းတာ။ သူများတင်တဲ့စာတွေ မျှဝေတာလုပ်လို့ အဖမ်းခံရတဲ့သူလည်း ပါတယ်။ အဖမ်းခံရတဲ့သူတွေက အေးအေးဆေးဆေး လုပ်ကိုင်စားသောက်နေတဲ့သူတွေလို့ သိရတယ်” လို့ ပြောပါတယ်။

ဟင်္သာတမြို့ခံတယောက်က “လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ လူငယ်တွေရဲ့ ဖုန်းတွေကို ဝင်စစ်ပြီး လူငယ် ၇ ယောက်လောက်ကို စစ်ကောင်စီတပ်သားတွေက တခါတည်း ဖမ်းသွားတာ။ အဖမ်းခံရသူတွေကို စစ်ကောင်စီတပ်သားတွေက ရိုက်နှက်သွားတာ မြင်မကောင်းဘူး။ အခုအထိ မိသားစုနဲ့ အဆက်အသွယ် မရသေးတဲ့သူတွေလည်း ရှိနေတယ်” လို့ ပြောပါတယ်။

အဲ့ဒီ ဖမ်းဆီးခံရသူတွေထဲက တချို့ကို စစ်ကောင်စီတပ်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၅၀၅(က)၊ ၅၀၅(ခ) စတဲ့ပုဒ်မတွေနဲ့ အမှုဖွင့် အရေးယူထားသလို တချို့ကိုတော့ ရဲစခန်း၊ အချုပ်ခန်းတွေမှာ ချုပ်နှောင်ထားတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Photos : ဒေသခံ ၁ ဦး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024