Home
မြန်မာသတင်း
စစ်မှုထမ်းရန် ခေါ်ဆောင်ခံရသည့်  ရိုဟင်ဂျာအချို့ စစ်သင်တန်းဆင်းပြီး နေရပ်ပြန်
DVB
·
March 12, 2024
Rohingya-16-august-2023

ရခိုင်ပြည်နယ်၊ စစ်တွေဒုက္ခသည်စခန်းနဲ့ အနီးပတ်ဝန်းကျင်ရွာတွေကနေ စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံခဲ့ရတဲ့ ရာနဲ့ချီတဲ့ ရိုဟင်ဂျာတချို့ စစ်သင်တန်းပြီးလို့ ရွာကိုပြန်ရောက်လာပြီလို့ ဒုက္ခသည်စခန်းမှာနေတဲ့ ဒေသခံတွေက ပြောပါတယ်။ 

ပြီးခဲတဲ့ ရက်တွေက အွန်လိုင်းပေါ်မှာ ရိုဟင်ဂျာတွေ သေနတ်ပစ်လေ့ကျင့်နေတဲ့ရုပ်သံဖိုင်နဲ့ စစ်ယူနီဖောင်းအပြည့်အစုံနဲ့ ကားပေါ်မှာ သေနတ်တွေ ကိုင်ဆောင်ထားတဲ့ ရုပ်သံဖိုင်တွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒီမတိုင်ခင်မှာ ရိုဟင်ဂျာတွေ စစ်ဝတ်စုံတွေနဲ့ အဆောက်အဦတခုထဲမှာ တန်းစီထိုင်နေပြီး စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ လာရောက်ကြည့်ရှုနေတဲ့ ရုပ်သံဖိုင်လည်း ထွက်ပေါ်ခဲ့ပါတယ်။

အဲဒီ ရုပ်သံဖိုင်တွေနဲ့ ပတ်သက်လို့ ဘယ်နေရာမှာ သင်တန်းပေးတယ်ဆိုတာကိုတော့ DVB အနေနဲ့ သီးခြား အတည်ပြုနိုင်တာမရှိသေးပါဘူး။

ဒါပေမဲ့ ရခိုင်ပြည်နယ်မှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်က ဒုက္ခသည်စခန်းနဲ့ ရိုဟင်ဂျာရွာတွေကနေ ရိုဟင်ဂျာတွေကို စစ်မှုထမ်းခိုင်းဖို့ အဓမ္မခေါ်ဆောင်သွားတာလို့  ဒေသခံတွေက ပြောပါတယ်။

စစ်တွေရိုဟင်ဂျာဒုက္ခသည်စခန်းမှာ နေသူတဦးက “ စစ်တွေရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းနဲ့ အနီးက ရိုဟင်ဂျာရွာတွေကနေ ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို စစ်မှုထမ်းဖို့ ဖေါ်ဆောင်သွာတာ။ အဲ့ဒီအတွက် စခန်းကော်မတီတွေက စာရင်းပေးရပါတယ်။ ခေါ်ယူသွားတဲ့ သူတွေထဲက တချို့ကတော့ ၁၅ ရက် သင်တန်းပြီးလို့ ရွာကို စစ်ယူနီဖောင်းတွေနဲ့ ပြန်လာကြတာကို တွေ့နေရတယ်”လို့ပြောပါတယ်။

စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်တဲ့အကြောင်း  ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာကြေညာပြီး စစ်သားသစ်စုဆောင်းနေတာမှာ ရိုဟင်ဂျာတွေဟာလည်း နိုင်ငံသားတွေ ဖြစ်လို့ စစ်မှုထမ်းရမယ်၊  မှတ်ပုံတင်တွေထုတ်ပေးမယ်လို့ မက်လုံးပေးပြီး အဓမ္မ စစ်မှုထမ်းခိုင်းဖို့ ခေါ်သွားတာဖြစ်ပါတယ်။

စစ်တွေမြို့ခံရိုဟင်ဂျာတဦးက “ အခုစစ်သင်တန်းတက်ပြီးလို့ ပြန်ရောက်လာသူတွေကို မှတ်ပုံတင်တွေ ထုတ်ပေးမယ်လို့ စစ်ကောင်စီဘက်က ပြောထားပေမဲ့ ဘယ်သူမှ မရသေးသလို သူတို့ကိုပေးမယ့် လစာ ကျပ် ၅၀၀၀၀ ကိုလည်း ရိုဟင်ဂျာရွာတွေကနေပဲ လိုက်လံ ကောက်ခံ နေပါတယ်။ သူတို့ကို ရခိုင်တွေနဲ့စကားမပြောဖို့၊ အဆင့်သင့်ဖြစ်နေဖို့တွေလည်း မှာလိုက်ပြီး တကယ်က AA နဲ့ ရိုဟင်ဂျာတွေကို ရန်တိုက်ပေးနေတာ”လို့ ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်ဘက်က  ရွာတွေမှာလည်း ရိုဟင်ဂျာတွေကို စစ်မှုထမ်းဖို့ ရာနဲချီ ဖမ်းခေါ်နေတာတွေရှိတယ်လို့ သိရပါတယ်။

သူတို့အိမ်တွေကို ကျပ်  ၅၀၀၀၀ တန် ဆန်တအိတ်စီ ထုတ်ပေးခဲ့ပြီး မှတ်ပုံတင်တွေ ထုတ်ပေးမယ်လို့ စစ်ကောင်စီက ဆိုပေမဲ့ ဘယ်သူမှမရသေးကြောင်း ဘူးသီးတောင်မြို့ခံ တဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က အတင်းအကျပ်စစ်မှုထမ်းဖို့ ခေါ်ဆောင်သွားတဲ့ ရိုဟင်ဂျာအရေအတွက် ဘယ်လောက်အထိ ရှိမလဲဆိုတာ အတိအကျ မသိနိုင်ပေမဲ့ ဒေသခံတွေကတော့ ၁၀၀၀ ဝန်းကျင်အထိ ရှိနိုင်တယ်လို့ ပြောပါတယ်။

ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးတာနဲ့ ပတ်သက်တဲ့သတင်းတွေဟာ မှန်ကန်မှုမရှိဘူးလို့  စစ်ကောင်စီပြန်ကြားရေးကတော့ ငြင်းဆန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ  ၁၈ ရက်က  စစ်တွေ လေဆိပ်ကနေ  ရိုဟင်ဂျာ အယောက် ၄၀  လောက်ကို စစ်ကောင်စီတပ်က ဖမ်းသွားပြီး ကျောက်တော် ရိုဟင်ဂျာဒုက္ခသည်စခန်းကနေလည်း အစ္စလာမ်ဘာသာ၀င်တွေကို  စစ်မှုထမ်းဖို့ ဖမ်းဆီးသွားပါတယ်။ 

ရိုဟင်ဂျာတွေကို အတင်းအဓမ္မစစ်မှုထမ်းခိုင်းတာဟာ စစ်ရာဇဝတ်မှု ကျုးလွန်တာဖြစ်တယ်လို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ပြောပါတယ်။  

စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကို ခုတုံးလုပ်ပြီး မွတ်စလင်တွေကို စစ်မှုထမ်းခိုင်းနေတာဟာ သာမန်ပြည်သူလူထုကို စစ်မြေပြင်ကို တွန်းပိုနေရုံသာမက ရခိုင်ပြည်အနာဂတ် တည်ငြိမ်အေးချမ်းရေး၊ ညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ရိုက်ချိုးဖျက်ဆီးဖို့ လုပ်ဆောင်နေတာဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် (AA)က မတ် ၂ ရက်က  ထုတ်ပြန်ထားပါတယ်။ 

  မင်းညို

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013