ရက္ခိုင့်တပ်တော် (AA)တပ်ဖွဲ့တွေက ရမ်းဗြဲမြို့ကို အပြီးသတ်သိမ်းပိုက်လိုက်ပြီးတဲ့နောက် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ တိုက်ခိုက်သိမ်းယူထားနိုင်ခဲ့တဲ့ မြို့ပေါင်း ၉ မြို့အထိ ရှိလာ ပါတယ်။
AA သိမ်းပိုက်ထားတဲ့မြို့တွေကတော့ ရခိုင်ပြည်နယ်မှာ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ တောင်ပြို၊ ရမ်းဗြဲတို့ဖြစ်ပြီး ချင်းပြည်နယ်မှာတော့ ပလက်ဝမြို့ကို သိမ်းပိုက်ထားတာပါ။
ရမ်းဗြဲမြို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်ကတည်းက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရက်ပေါင်း ၈၅ ရက်အကြာ မတ် ၁၁ ရက် နေ့လယ် တနာရီဝန်းကျင်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA ကထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ရှိနေနိုင်သေးတာကြောင့် စိုးရိမ်နေရဆဲလို့ ရမ်းဗြဲဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ တိုက်ပွဲတွေမရှိတော့ပေမဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရမ်းဗြဲမြို့ဟာ မြို့ပျက်လိုဖြစ်ခဲ့ရပြီး လူတွေပြန်ပြီးနေထိုင်ဖို့တော့ မလွယ်သေးဘူးလို့ မြို့ခံတဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့လည်း ထွက်ပြေးနေတာရှိတာကြောင့် ဒေသခံတွေကတော့ စိုးရိမ်နေကြဆဲလို့ ဆိုပါတယ်။
ရမ်းဗြဲမြို့တွင်း စစ်ကောင်စီတပ်က ထောင်ခဲ့တဲ့မိုင်းတွေကို ရှင်းလင်းရဦးမှာဖြစ်လို့ အဆောတလျင် ပြန်ပြီးမနေထိုင်ကြဖို့ ရက္ခိုင့်တပ်တော်က တိုက်တွန်းထားပါတယ်။
ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းနေကြောင်းနဲ့ ရခိုင်ပြည်နယ်ကို စစ်ကောင်စီကင်းစင်နယ်မြေဖြစ်အောင် ဆက်လက် တိုက်ခိုက်သွားမယ်လို့ AA က ပြောပါတယ်။
ရမ်းဗြဲမြို့တိုက်ပွဲ အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။
ထက်အောင်