ကရင်ပြည်နယ် မြဝတီမြို့အနီး သင်္ကန်းညီနောင်မှာ ကျန်ရှိနေသေးတဲ့ တပ်ရင်းဌာနချုပ်တွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းစစ်ကြောင်းတွေက စစ်မျက်နှာစုံဖွင့်ပြီး စစ်ရေးအရှိန်ပိုမြှင့်ပြီး တိုက်ခိုက်သွားမယ်လို့ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက ပြောပါတယ်။
သင်္ကန်းညီနောင်မှာ ကျန်ရှိနေသေးတဲ့ တပ်ရင်းဌာနချုပ်တွေကို ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်နေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ မတ် ၁၂ ရက်အထိ ဆက်လက်ဖြစ်ပွားနေပါတယ်။
ဒ့ါအပြင် မတ် ၁၁ ရက်နေ့ ညနေက ခလရ ၂၇၅ ကနေ သင်္ကန်းညီနောင်ဘက်ကို စစ်ကူတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို KNLA၊ PDF ပူးပေါင်းစစ်ကြောင်းတွေက လမ်းမှာ ပိတ်ဆို့တိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီတပ်သားအများစုဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ အတော်ကျဆင်းနေပြီဖြစ်ကာ KNLA၊ PDF ပူးပေါင်းစစ်ကြောင်းဘက်က စစ်မျက်နှာစုံဖွင့်ပြီး စစ်ရေးအရှိန်ကို ပိုမြှင့်ပြီး ဆက်လက်တိုက်ခိုက်သွားမယ်လို့ ကေအန်ယူ တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲတွေ၊ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးအပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် သင်္ကန်းညီနောင်၊ မဲကနယ်၊ မြစန္ဒီနဲ့ အနီးအနားကျေးရွာက ဒေသခံပြည်သူ ၂၀၀၀ နီးပါးဟာ မြဝတီမြို့က နီးစပ်ရာဆွေမျိုးတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ရောက်ရှိခိုလှုံနေတယ်လို့ ကူညီပေးနေသူ မြဝတီမြို့ခံတဦးက ပြောပါတယ်။
ဒါ့အပြင် မတ် ၁၁ ရက် ညနေက မြဝတီမြို့တောင်ဘက် စစ်ကောင်စီတပ်ရဲ့ ဖလူးစခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီး စစ်သုံ့ပန်း နှစ်ယောက်ဖမ်းဆီးရမိခဲ့တဲ့အပြင် ကျန်တပ်ဖွဲ့ဝင်တွေ ထိုင်းနိုင်ငံဘက်ကို စခန်းစွန့်ခွာထွက်ပြေးသွားခဲ့တယ်လို့ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက ပြောပါတယ်။
သင်္ကန်းညီနောင်မှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် မြန်မာ-ထိုင်းနယ်စပ်အနီး ထိုင်းအာဏာပိုင်တွေက စစ်ရှောင်ပြည်သူ ၂၀၀၀၀ ကို လက်ခံနိုင်ဖို့ ပြင်ဆင်နေတယ်လို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
မတ် ၁၁ ရက် ညနေ ၄ နာရီလောက်မှာ ကော့ကရိတ်မြို့၊ အမှတ် ၆ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ရုပ်ရှင်ရုံအနီးနဲ့ တဲကုန်းအနီးက နေအိမ်တွေကို စစ်ကောင်စီတပ်က မီးလောင်ဗုံးတွေနဲ့ ဒရုန်းဗုံးကြဲချခဲ့ရာ စစ်ရှောင်တွေရဲ့ နေအိမ် ၁၀ လုံးနီးပါး မီးလောင်ပျက်စီးခဲ့ပါတယ်။ စစ်ရှောင်တွေရဲ့ နေအိမ်တွေ မီးလောင်နေစဉ်အတွင်း မြို့တွင်းနေရာတချို့မှာ ပစ်ခတ်သံတွေကြားနေရတာကြောင့် မီးငြှိမ်းသတ်သူမရှိခဲ့ဘူးလို့ မြို့ခံတွေက ပြောပါတယ်။
အောင်ခန့်