Home
မြန်မာသတင်း
ကျောင်းကုန်းတွင် စစ်တပ်က လိုင်းကြေးယူပြီး လောင်းကစားဝိုင်းများ လုပ်ခွင့်ပေး
DVB
·
March 12, 2024
gam 1232024

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်မှာ စစ်ကောင်စီတပ်က လိုင်းကြေးယူပြီး တရားမဝင် ကြက်ဝိုင်းနဲ့ ခြောက်ကောင်ဂျင်ဝိုင်းတွေကို ပေါ်ပေါ်ထင်ထင် လုပ်ခွင့်ပေးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျောင်းကုန်းမြို့နယ်၊ မိုးကြိုးပစ်ကျေးရွာနဲ့ ဆိတ်ချေးကုန်းကျေးရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖေဖော်ဝါရီ ဒုတိယအပတ်ကစပြီး ဒီနေ့အထိ လိုင်းကြေးယူပြီး ကြက်ဝိုင်းတွေနဲ့ ခြောက်ကောင်ဂျင်ဝိုင်းတွေကို ပေါ်တင်လုပ်ခွင့်ပြုထားတာလို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတဦးက “ဦးဆောင်လုပ်သူတွေက မိုက်မိုက်ပြောလုပ်နေတာ။ ပေါ်တင်လုပ်နေတာ၊ တပ်ကခွင့်ပြုလို့ လုပ်တာတဲ့၊ ဘယ်သူမှ ဂရုမစိုက်ဘူးပေါ့။ တပ်ကခွင့်ပြုတယ် ဆိုမှတော့ ဘယ်သူဘာပြောရဲမှာလဲ။ အဲ့ဒီလောင်းကစားဝိုင်းတွေမှာ စည်ကားချက်ကလည်း ကမ်းကုန်တယ်” လို့ ပြောပါတယ်။

ကျောင်းကုန်မြို့နယ် ရပ်မိရပ်ဖတယောက်က “ရဲတိုင်လည်း အလကားပဲ၊ အကြောင်းမထူးဘူး၊ တပ်က လုပ်ခွင့်ပေးထားတာဆိုတော့လေ။ လောင်းကစားဝိုင်းတွေကြောင့် ပြဿနာတွေကလည်း တရက်နဲ့တရက် မရိုးဘူး။ လူငယ်တွေကလည်း အိမ်က ပစ္စည်းတွေ ခိုးယူရောင်းပြီး လောင်းကစားဝိုင်းဆီသွားလို့ ပြဿနာတွေဖြစ်နေတယ်။ စစ်တပ်က အာဏာသိမ်းပြီး ပြည်သူတွေရဲ့ ဘဝတွေကို နည်းမျိုးစုံနဲ့ ဖျက်ဆီးနေတာ” လို့ ပြောပါတယ်။

ကျောင်းကုန်းမြို့နယ်မှာ လောင်းကစားဝိုင်းတွေ ပေါ်တင်လုပ်ခွင့်ပြုလာတာကြောင့် လူငယ်တွေဟာ အိမ်ရှိ စပါး၊ ဆန်၊ ပဲနဲ့ တခြားပစ္စည်းတွေ ပြန်လည်ခိုးယူရောင်းချလာတာ၊ ငွေသိန်းနဲ့ချီ လောင်းကစားဝိုင်းတွေမှာ ရှုံးလာတာကြောင့် လင်မယားကွဲတဲ့အထိ ဖြစ်လာတာ၊ တာဝန်သိ အရပ်သား ဒေသခံတွေက ရဲစခန်းမှာ တိုင်ကြားပေမဲ့လည်း ဖမ်းဆီး အရေးယူတာ မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

အဲ့ဒီ တရားမဝင် လောင်းကစားဝိုင်းတွေမှာ ငွေသိန်းရာနဲ့ချီ အ‌ေလာင်းအစား ဖြစ်နေတယ်လို့ သိရပြီး အလောင်းကစားတွေ ပေါ်တင်လုပ်လာပြီးနောက် ရပ်ရွာထဲမှာလည်း မီးစက်တွေ ပျောက်တာ၊ ဆိုင်ကယ်တွေပျောက်တာ၊ အိမ်သုံးဆိုလာနဲ့ ဘက်ထရီတွေ ပျောက်တာ၊ ကားဘက်ထရီတွေ အခိုးခံနေရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024