Home
မြန်မာသတင်း
ဇရပ်ကြီးတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီး
DVB
·
March 12, 2024
432340138_322667167455850_9038035586836061675_n

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့အစွန်မှာရှိတဲ့ ဂွအိုင်နဲ့ သရက်တန်း ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ပြည်သူတွေ စစ်ရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ် ၁၁ ရက် မွန်းလွဲ ၁၂ နာရီကစတင်ပြီး စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံတွေ ထိခိုက်ဒဏ်ရာရခဲ့သလို ‌စစ်ရှောင်တွေလည်း ခြေဦးတည့်ရာ ပြေးလွှားနေရတယ်လို့ ဆိုပါတယ်။

ဒေသခံတဦးက “မြို့ကိုပြန်ဝင်တာ သုံးလေးရက်ပဲရှိသေးတယ်၊ လက်နက်ကြီးသံတွေ ကြားရပြီး စစ်ကောင်စီ စစ်ကြောင်းထိုးလာတာ။ အမျိုးသားတွေကို ဖမ်းသွားတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ရှိပေမဲ့ ကူညီပေးတဲ့အဖွဲ့တွေ ဝင်မရလို့ ရွာထဲမှာပဲ အဆင်ပြေသလို ကုနေကြရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားပြီး စစ်ကောင်စီစစ်ကြောင်းက ဒေသခံ အမျိုးသား ၂၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရရှိသူလည်း ၂၀ ကျော်ရှိကာ ပြည်သူတွေ ဒုတိယအကြိမ် စစ်‌ရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၆ ရက်ကလည်း ဇရပ်ကြီးမြို့အတွင်း တိုက်ပွဲဖြစ်ခဲ့လို့ ဒေသခံတွေ တောင်ငူမြို့ရှိ စစ်ရှောင်စခန်းတွေကို ကယ်ဆယ်ရေးသမားတွေ အကူအညီနဲ့ သွားရောက် စစ်ရှောင်ခဲ့ရပါတယ်။

မတ်လဆန်းကစပြီး ပဲနဲ့စပါးရိတ်သူတွေ မြို့တွင်းမှာ ပြန်လည်နေထိုင်ကြပေမဲ့ အခု ဒုတိယအကြိမ် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ထပ်မံစစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။

ဖမ်းဆီးသွားသူတွေကို စစ်ကောင်စီစစ်ကြောင်းမှ ဘယ်ခေါ်သွားတယ်ဆိုတာ မသိရသေးဘဲ ဒဏ်ရာရသူတွေနဲ့ စစ်ရှောင်တွေကို ကယ်ထုတ်နိုင်ဖို့ ကူညီပေးသူတွေကိုလည်း မြို့ထဲကို စစ်ကောင်စီက ဝင်ရောက်ခွင့်မပေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013