Home
မြန်မာသတင်း
ပင်လောင်း-ဖယ်ခုံ နယ်စပ်တွင် တိုက်ပွဲပြင်းထန်၊ ဒေသခံများ ဘေးကင်းရာ ထွက်ပြေး
DVB
·
March 12, 2024
Pin-Long-IDPs-need_14012024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း-ဖယ်ခုံ နယ်စပ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ရှောင်နဲ့ ဒေသခံတွေ ဘေးကင်းရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

မတ် ၁၀ ရက် မနက် ၁၀ နာရီလောက်က ကုန်းပေါ နမ်းဖာမူ ရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး ဒေသခံတွေ ဘေးကင်းရာ တောထဲနဲ့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ ရှောင်ရတယ်လို့ ဆိုပါတယ်။

ရုတ်တရက် တိုက်ပွဲဖြစ်တာကြောင့် ထွက်ပြေးနေတဲ့အချိန် ကားမှောက်တာရှိသလို မထွက်ပြေးနိုင်တဲ့လူလည်း များတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဒေသခံတဦးက “ခုတော့ ပြည်သူတွေ ထွက်ပြေးကြတယ်။ မနေ့ကလည်း စစ်ကောင်စီက လမ်းပိတ်ထားတယ်၊ ဘယ်မှသွားလို့မရဘူး၊ ပြည်သူတွေ ပိတ်မိနေတယ်။ တချို့ကျတော့ တိုက်ပွဲကြားထဲ ကားမောင်းနေရင်း မှောက်တဲ့လူလည်း ရှိတယ်ပေါ့နော်။ ဆိုင်ကယ်အချင်းချင်း တိုက်တဲ့လူလည်း အများကြီးရှိတယ်။ ကျမတို့နေတဲ့နေရာမှာ ရုတ်တရက် လာတိုက်ကြတော့ ပြည်သူတွေ အကုန်ထိတ်လန့်ကြတာ။ ပိုက်ဆံမရှိတဲ့သူ ကားမရှိတဲ့သူတွေ မသွားနိုင်ကြဘူး” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ ကျေးရွာဟာ ဗန်းမောက်၊ ဆောင်လန်၊ နမ်းဖာမူ၊ ကုန်းပေါ ရွာတို့ဖြစ်ပြီး အဲဒီကျေးရွာတွေမှာ ကရင်နီစစ်ရှောင် ၄,၀၀၀ နီးပါး ခိုလှုံနေပြီး တချို့က ငွေကြေးနဲ့ ကား အခက်အခဲတွေကြောင့် ထွက်မပြေးနိုင်ဘဲ တိုက်ပွဲအတွင်း ကြောက်စိတ်နဲ့နေနေရကြောင်း စစ်ရှောင်ကူညီသူတဦးက ပြောပါတယ်။

စစ်ရှောင်တွေကို ကူညီနေသူ အမျိုးသမီးတဦးက “ဘယ်သူမှ မခေါ်ချင်ကြဘူး။ မိသားစုကိုယ်စီ ကိုယ်စီပဲ ထွက်ပြေးကြတယ်။ ကျမက ထွက်ပြေးလို့ရပေမဲ့ သူတို့ကိုထားခဲ့လို့ အဆင်မပြေဘူး။ အရမ်းသနားတယ်။ အဲဒါကြောင့် ပိတ်မိရင်လည်း မတတ်နိုင်ဘူးပေါ့နော်” လို့ ပြောပါတယ်။

အခုလက်ရှိ နမ်းဖာမူ၊ နောင်ဝိုး၊ ဗန်းမောက်ရွာ ဘုန်ကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ စစ်ကောင်စီတပ်နဲ့ PNA ပြည်သူ့စစ် လာရောက်တပ်စွဲနေပြီး စစ်ရေးတင်းမာနေတယ်လို့ ပြောပါတယ်။

ဒေသခံအများစုဟာ တောထဲနဲ့ ပင်လောင်းမြို့ပေါ် နောင်တရား၊ တီကျစ်နဲ့ ညောင်ရွှေမြို့နယ်တို့မှာ စစ်ရှောင်နေကြရတယ်လို့ ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013