သားတို့အရွယ် ရင်သွေးငယ်များ
စစ်ချီသွား၍
တိုင်းသား ပြည်သူ လွတ်မြောက်မှုအတွက်
အသက်စွန့်ကာ
စစ်အာဏာကို ဖြိုနေချိန်။ ။
သားက CDM လို့ ပြောလိုက်သူကလေးကတော့ ၁၄ နှစ်အရွယ် ကလေးတယောက် ဖြစ်ပါတယ်ရှင်။ သားက CDM လို့ ပြောလိုက်သူလေးကို မေးမိလိုက်ရာက စတာပေါ့ကွယ်။ သားလေးရဲ့မေမေက ဘာအလုပ်လုပ် လုပ်တာလဲ၊ သားလေးရဲ့ ဖေဖေကရော ဘာလုပ်ပါသလဲဆိုတဲ့ မေးခွန်းတွေကို သားလေးက ယုံကြည်မှုရှိရှိ ဂုဏ်ယူစွာနဲ့ ပြန်ဖြေသွားပါတယ်။
“အမေက ဆရာမ၊ အဖေက စစ်ဗိုလ်၊ သားက CDM” တဲ့။
ဟုတ်သားပဲ။ သားအကြောင်းကို ဆရာမက မမေးမြန်းမိခဲ့ဘူးနော်။ ဖေဖေ မေမေတွေကိုပဲ ဆရာမတို့တတွေက အလေးထား ဦးတည် အာရုံစိုက်ခဲ့ကြတယ်။ သားက ဘာလဲလို့ အလေးထားပြီး မေးမြန်းဖို့၊ အလေးဂရုပြုဖို့ ဆရာမတို့ အကြိမ်အရေအတွက် ဘယ်လောက်တောင်များ ပျက်ကွက်ပြီးသွားခဲ့ပြီလဲ။ ဒီကလေးရဲ့စကားက ကျမတို့ကို အသိတရားများစွာ၊ ကွက်လပ်များစွာကို မီးမောင်းထိုး ပြသနေခဲ့သလိုပါပဲ။ အမေ့လျော့ခံ အခြေခံအဆင့် ကလေးများရဲ့ နိုင်ငံတော်အဆင့် ပေးဆပ်မှုတွေကို ကျမတို့ အလေးဂရုမထား၊ ပေါ့လျော့နေခဲ့မိတာက အမှားကြီးတခုကို ကျူးလွန်နေမိသလိုပါပဲ။ မဟာ့ မဟာ အကြီးကြီး အများကြီး လေးစားရပါတယ် ကလေးတို့ရေ။ ကလေးတို့ရဲ့ စိတ် ဇော လိုအင် ဆန္ဒကြီးတွေ ပြည့်ဝလာတဲ့ အချိန်ကာလကို အမြန်ဆုံး ရောက်ရှိကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဆရာမတို့ ကိုယ်တိုင်ကလည်း အပြင်းအထန်ကို ကြိုးစားအားထုတ်ပြီး ရရာနည်းလမ်းတွေနဲ့ ရောက်ရာနေရာတိုင်းကနေ စစ်အာဏာရှင်ကို တိုက်ပွဲဝင်သွားပါမယ်လို့ ကတိပြုပါတယ်ကွယ်။
စာသင်ကျောင်းအစား၊ သေနတ်ပစ်လေ့ကျင့်ကွင်းအသွား။
မိဘတွေဆီက မုန်ဖိုးတောင်းဖို့ အစား၊ ထောက်ပို့တွေဆီ ကျည်ဆန်ဖိုး အလှူခံသွား။
ချစ်သူနဲ့ ပန်းခြံသွားဖို့အစား၊ နွေဦးရဲဘော်တွေနဲ့ ရန်သူ့ခံစစ်ကုန်းသိမ်းရန်အသွား။
သင်္ကြန်အမီ နွေဦးယိမ်းကနေသော ကလေးများအစား မြန်မာပြည်သစ်ကို တည်ဆောက်နေကြသော ပြည်သူ့ရင်သွေး PDF GZ ကလေးများပါတကား။ ။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က မြန်မာပြည်သူ ပြည်သားတိုင်း သဘောမတူ စိတ်ပျက်ခဲ့ကြရတဲ့ စစ်တပ်ရဲ့ ရက်စက်လွန်းတဲ့ ယုတ်မာလွန်းစွ အာဏာသိမ်းမှုကြီးအပြီးမှာ ကျမတို့ လူကြီး လူငယ် အားလုံးတွေရဲ့ အနာဂတ်ပန်းတိုင်တွေ ခိုးယူခံခဲ့ရသလို ကလေးလေးတွေရဲ့ မနက်ဖြန်တွေဟာလည်း လွန်စွာ ရုပ်ဆိုး အကျည်းတန် အပိတ်အဆို့တွေ ခံခဲ့ကြရပါတော့တယ်။ အနစ်နာခံတတ်တဲ့ မိဘတွေ၊ စွန့်လွတ်စွန့်စားကြတဲ့ ပတ်ဝန်းကျင် အသိုက်အဝန်းရဲ့ ခံယူချက်ကောင်းတွေ စိမ့်ဝင်နေပြီဖြစ်တဲ့ ကလေးလေးတွေဟာ အဖိုးတန် မြတ်နိုးစရာ ကောင်းလှပါတယ်ဆိုတဲ့ ကျောင်းဆိုတဲ့ သူတို့ရဲ့ ဒုတိယအိမ်ကို စွန့်လွှတ်ခဲ့ကြရပါတော့တယ်။ နိုင်ငံတော်သီချင်းဆိုရင်းက ကုန်းလား၊ ရေလား ကစားနေကြဖို့ မိဖ ဘိုးဘွားတွေဆီကနေ မုန့်ဖိုးတွေ နေ့စဉ်တောင်းပြီး ကျောင်းနဲ့ ကစားကွင်း၊ ပန်းခြံနဲ့ ရုပ်ရှင်ရုံ၊ လက်ဖက်ရည်ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေဆီ ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် သွားလာနိုင်ကြဖို့၊ အခွင့်အရေးတွေကို စတေး စွန့်လွှတ်ခဲ့ကြရပါတော့တယ်။ ချစ်သူတွေ၊ သူငယ်ချင်းတွေနဲ့ ကုန်ဆုံးကြရမယ့် ပျော်စရာ နေ့ရက်ကောင်းတွေကို မတရားမှုတခုကို ပြုပြင်ပြောင်းလဲဖို့အတွက် စွန့်လွှတ်ခဲ့ကြရပါတယ်။ အို..ကလေးတို့ရေ.. မင်းတို့ရဲ့ သုံးနှစ်တာ နွေရက်ရည်တွေ အမြန် ကုန်ဆုံး လွန်မြောက်နိုင်ကြပါစေတော့။ ချစ်သူ ရည်းစား ချစ်စရာ့ ချစ်စရာ သူငယ်ချင်းတွေနဲ့ နှစ်ခါ ပြန်မရနိုင်တဲ့ ပျော်စရာ့ ပျော်စရာ လှပတဲ့ နေ့ရက်တွေ မြန်နိုင်သမျှ မြန်မြန် ပြန်ရောက်ပါစေတော့ကွယ်။
“ကျနော်တို့က လူငယ်တွေပါ၊ လူငယ်တွေမှာ အနာဂတ်ရှိတယ်။ ကျနော်တို့က ကလေးတွေပါ၊ ကလေးတွေမှာ အနာဂတ်ရှိတယ်” ဆိုတဲ့ သံပြိုင်ဆိုသံတွေ ပြန်ကြားယောင်လာမိချိန် ရင်ထဲ ဆို့နင့်လာမိပါတယ်။
ကလေးတွေဟာ အနာဂတ်ခေါင်းဆောင်တွေဆိုပြီး ကလေးတွေကို မချစ်တဲ့၊ လုံးဝ ထည့်မတွေးခဲ့တဲ့ အာဏာရှင်တွေကြောင့် ပျက်စီးခဲ့ရတဲ့ အနာဂတ်တွေကို ဘယ်သူတွေ ပြန်လည်ဖြည့်ဆည်းပေးကြမှာလဲ။ ဘယ်သူတွေကများ ပြန်ပြီး ဖြည့်ဆည်းပေးကြမှာလဲ။ ဘယ်သူတွေကများ…
ကလေးတို့ရေ မင်းတို့ ဘယ်ရောက်နေပြီလဲ၊ မိဘတွေနဲ့အတူလား၊ ခွဲခွာပြီး နေနေကြရတာလား၊ တောခိုနေကြတာလား၊ မြို့ထဲမှာ ပုန်းနေကြတာလား၊ ပြည်တွင်းမှာလား၊ နယ်စပ်မှာလား၊ နိုင်ငံရပ်ခြားမှာလား၊ မင်းတို့ သူငယ်ချင်းတွေရော၊ သူတို့ရဲ့ လွယ်အိတ်လှလှကလေးတွေရော၊ စာသင်ခုံပေါ်က ကျန်ခဲ့တဲ့ ဆံစလေးတွေရော၊ သူတို့ရဲ့ လွင့်ထွက်သွားတဲ့ ဖိနပ်ကလေးတွေရော၊ ပြုတ်ကျသွားတဲ့ နှင်းဆီပွင့်လေးရော၊ ပြီးအောင် မြိုမချလိုက်ရတဲ့ ထမင်းလုပ်တွေရော။ အို...ကလေးတို့ရေ မင်းတို့ သူငယ်ချင်းတွေရော၊ သူတို့ အဖေရော၊ သူတို့ အမေရော၊ သူတို့ အိမ်ကလေးရော ရှိနေကြသေးရဲ့လားကွယ်။ အို... ကလေးတို့ရေ… မင်းတို့တက်ခဲ့တဲ့ စာသင်ကျောင်းလေးရော၊ မေးခွန်းများစွာအတွက် ဖြေသူတွေရော ရှိကြပါသေးရဲ့လား။
မြန်မာနိုင်ငံတော်ကြီးဟာ ၂၁ အခင်းအကျင်းထဲမှာ အနာဂတ်ရဲ့ ရင်သွေးငယ်တွေရဲ့ အခန်းကဏ္ဍမှာ ပေးဆပ်ရတာတွေက သိပ်ကိုမှ များပြားလွန်းလှပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ ဘဝရှင်သန်ရေး၊ စားဝတ်နေရေး၊ လုံခြုံရေးတွေကို တာဝန်ယူထားတဲ့ သွေးစုပ်ကောင်တွေက မတရား ဖျက်ဆီးပစ်ခဲ့ကြပါတယ်။ မတရား ဖျက်ဆီးနေကြဆဲလည်း ဖြစ်ပါတယ်။ ကလေးတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်လေယာဉ်နဲ့ ဗုံးကြဲ သတ်ဖြတ်ရက်ကြပါတယ်။ ဒီလိုလုပ်ရပ်တွေဟာ ပြည်သူ့လစာကို စားနေကြသူတွေက ရက်ရက်စက်စက် လုပ်ကြသတဲ့လား။ ဒီလိုလုပ်ရပ်တွေဟာ ပြည်သူ့လစာကို စားနေကြသူတွေက ရက်ရက်စက်စက် လုပ်နေကြဆဲ ဆက်လုပ်နေဆဲပါလား။ ရဟန်း ရှင်လူ ပြည်သူလူထုတွေရဲ့ လုံခြုံမှု အသက် အိုးအိမ် စည်းစိမ်တွေကို ကာကွယ်ပေးပါမယ် ဆိုသူတွေတဲ့လား။ ငါတို့စစ်တပ်သာ မရှိတော့ရင် မင်းတို့ပြည်သူတွေ ခေါင်းပြားအောင် မအိပ်နိုင်ပါဘူးလို့ ဆယ်စုနှစ် နှစ်ပေါင်းများစွာနဲ့ချီပြီး ပြောခဲ့ ဆိုခဲ့ သူတွေတဲ့လား။
အို ကလေးတို့ရေ... ပေးဆပ်ခဲ့ကြရပြီဖြစ်တဲ့ မင်းတို့လေးတွေရဲ့ အသက်တွေ၊ ရင်းနှီးခဲ့ကြရပြီ ဖြစ်တဲ့ မင်းတို့လေးတွေရဲ့ ဘဝတွေနဲ့အတူ မင်းတို့လေးတွေရဲ့ အပြုသဘောဆောင် သဘောထားတွေနဲ့ ယုံကြည်မှုတွေပါ ဖျက်ဆီးခံခဲ့ကြရပြီလား။ နောက်နောင်ဆို ယူနီဖောင်းဝတ်တွေတိုင်းကို မုန်းနေကြတော့မှာလား။ လေယာဉ်ပျံကြီးတွေကို ‘တာ့ တာ’ ဆိုပြီး အိမ်ပြင်ထွက် လက်မပြကြတော့ဘူးလား။ စက္ကူလေယာဉ်လေးတောင် လုပ်တမ်း မကစားကြတော့ဘူးလား။ နာကြည်းမှု စိတ်ဒဏ်ရာတွေက ဘယ်တော့များမှ မင်းတို့ရဲ့ နုနယ်တဲ့ နှလုံးသားတွေမှာ ကွယ်ပျောက်သွားကြတော့မှာလဲကွယ်။ အို ကလေးတို့ရေ.. ကျိန်စာသင့်အချိန်တွေ အမြန်ကုန်ပါစေတော့။ သာယာပျော်ရွှင် ပြည့်စုံလှပ လုံခြုံအေးမြတဲ့ ဘဝတွေ အမြန်ဆုံး ရကြပါစေတော့။ ချစ်တဲ့သူတွေနဲ့ အမြန်ပြန်ပြီး အတူ နေထိုင်ကြရပါစေတော့။ ချစ်သူတွေ၊ သူငယ်ချင်းတွေနဲ့ ပြေးလွှား ဆော့ကစား ပညာသင်ကြားနေကြရတဲ့ နေ့ရက်ကောင်းတွေ အမြန်ပြန်ရကြပါစေတော့။ ချစ်ရတဲ့ မိဘတွေနဲ့ လုံခြုံရာ အိမ်ကလေးတွေမှာ အမြန်ဆုံး ပြန်လည်ဆုံတွေ့ကြပါစေတော့နော်။ ပြည်သူပြည်သား လူထုအားလုံးက အားကိုးအားထားပြုကြရတဲ့ စစ်သားကောင်းကြီးတွေ၊ ရဲသားကောင်းကြီးတွေကို အမြန် ပြန်လည်ရရှိကြပါစေတော့။ ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံ ကိုယ့်မြေ ကိုယ့်လေ ကိုယ့်ရေမှာ ကိုယ်ပိုင်ထီးနန်း၊ ကိုယ့်ကြငှန်းနဲ့ ပြည့်ဝလုံခြုံ နွေးထွေးစွာ အမြန်ဆုံး ပြန်လည် နေထိုင်နိုင်ကြပါစေတော့ကွယ်။ ။