စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီး ထိုမာရွာမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၄ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ထိုမာရွာသားတွေက ပြောပါတယ်။
မတ်လ ၉ ရက်က စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်က ထိုမာရွာက ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
ထိုမာရွာခံတဦးက “ရွာအရှေ့ပိုင်းက ၁၄ လုံး ပါသွားတယ်။ သူတို့(စစ်ကောင်စီ)ကလည်း ရွာထဲမှာရှိနေသေးတော့ ကျနော်တို့လည်း ရွာထဲမပြန်ရဲကြဘူး။ မနေ့က သူတို့လစ်တဲ့အချိန် ရွာထဲဝင်ပြီး မီးရှို့ခံရတဲ့အိမ်တွေ ရေပြီး ဓာတ်ပုံရိုက်ခဲ့တာ” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ထိုမာရွာက ဒေသခံတွေဟာ နေရပ်မပြန်ရဲကြသေးဘဲ ဘေးလွတ်ရာ တောတောင်တွေမှာ တိမ်းရှောင်နေကြရပြီး နေထိုင်စားသောက်ရေး အကူအညီတွေလည်း လိုအပ်နေကြတယ်လို့ ပြောပါတယ်။
အဲ့ဒီ ထိုမာရွာမှာ နေအိမ် ၃,၀၀၀ ကျော်ရှိပြီး လူဦးရေ ၁၀,၀၀၀ ကျော် နေထိုင်ကြပြီး ထိုမာရွာဟာ ကလေးမြို့နဲ့ ၁၅ မိုင်သာ ကွာဝေးပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်နောက်ပိုင်း ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်မှုတွေလည်း ရှိနေပါတယ်။