စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကံသာယာရွာ တိုက်ပွဲမှာ စစ်ကောင်စီတပ်သား အလောင်း ၃ လောင်း ရရှိခဲ့ပြီး သေနတ်မျိုးစုံ ၂၄ လက်နဲ့ လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်က ပြောပါတယ်။
မတ် ၁၀ ရက်က ကလေးမြို့ဘက်ကနေ စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့ အင်အား ၈၀ ကျော်ဟာ ကံသာယာရွာကို ပြန်လည်ရရှိရေး စစ်ကြောင်းထိုးလာစဉ် ဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က အလောင်း ၃ လောင်းနဲ့ လက်နက်ခဲယမ်းတွေကို ရရှိခဲ့ပြီး ဒီထက် အကျအဆုံး များနိုင်ကြောင်း၊ မိမိတို့ဘက်ကလည်း ထိခိုက်ဒဏ်ရာရသူတွေ ရှိထားပြီး စိုးရိမ်ရတဲ့အခြေအနေ မဟုတ်ဘူးလို့ ကလေးမြို့ တော်လှန်ရေးအင်အားစု အဖွဲ့ဝင်တဦးက ပြောပါတယ်။
စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်တွေ နေထိုင်နေတဲ့ ကလေးမြို့နယ် မြောက်ပိုင်း ကံသာယာရွာကို ဒေသခံကာကွယ်ရေးတပ်ဘက်က ဖေဖော်ဝါရီ ၂၃ ရက်က သိမ်းပိုက်ရရှိခဲ့တာပါ။
ဖေဖော်ဝါရီ ၂၁ ရက်ကစပြီး ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ် တွေကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်မှုတွေလည်း ရှိနေပါတယ်။
ကလေးမြို့နယ်မှာတော့ ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဘက်က မြောက်စည်းရွာရဲစခန်း၊ ရန်ကြီးအောင်စခန်း၊ ကမ္ဘားနီစခန်းနဲ့ ကံကြီးရွာ၊ ကံသာယာရွာ အပါအဝင် စစ်ကောင်စီစခန်း ၅ ခုထိ သိမ်းပိုက်ထားနိုင်ပါတယ်။
အဲ့ဒီတိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်ထားတာ မရှိပါဘူး။