ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဘွာန်လုံကျေးရွာမှာ မိုင်းပေါက်ကွဲပြီး ကလေးငယ် ၂ ဦး ထိခိုက်သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၁၀ ရက် ညနေ ၃ နာရီက ဘွာန်လုံရွာထဲမှာ ရပ်နားထားတဲ့ ချင်းပြည်ကာကွယ်ရေးတပ်-ဆဲန်ထန် (CDF-Senthang) ရဲ့ ကားတစီးကနေ မိုင်းပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။
မိုင်းပေါက်ကွဲမှုကြောင့် ကားပေါ်မှာ ဆော့ကစားနေတဲ့ ကလေး ၅ ဦး ထိမှန်ခဲ့ပြီး မောင်ဗန်ဗျက်ကျူံး ၁၃ နှစ် နေရာမှာ ပွဲချင်းပြီး သေဆုံးခဲ့ကာ အသက် ၇ နှစ်အရွယ် မောင်ထဘိခ့်ထောင်းကတော့ မတ်လ ၁၁ ရက် မနက် ၁ နာရီလောက်မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတဦးက “CDF-ဆဲန်ထန်ရဲ့ ကားက ရပ်ထားတာပေါ့နော်၊ အဲ့ဒီနေရာမှာ ကလေး ၅ ယောက်က ဆော့နေတဲ့အချိန် ပေါက်ကွဲတာပေါ့နော်။ တယောက်ကတော့ ဖြစ်ဖြစ်ချင်း ဆုံးသွားတယ်ပေါ့။ နောက်တယောက်ကတော့ ဆေးရုံမှာ မနက် ၁ နာရီလောက် ထပ်ဆုံးသွားတယ်” လို့ ပြောပါတယ်။
ဒဏ်ရာရရှိတဲ့ ကလေးငယ် ၃ ယောက်ဟာ ဟားခါးပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေပြီး စိုးရိမ်စရာအခြေအနေ မရှိတော့ဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။