Home
ဆောင်းပါး
စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ မင်္ဂလာရှိကြပါစေ မြန်မာပြည်သူအပေါင်းတို့
DVB
·
March 12, 2024
Article_MinKaungChit_12032024

ဒီကနေ့ မြန်မာနိုင်ငံတဝန်းလုံးမှာ မင်္ဂလာမရှိတဲ့အချိန် ဖြစ်ပါတယ်။ စစ်ဓားပြဂိုဏ်းက လက်နက်အားကိုး အကြမ်းဖက်ပြီး အာဏာလုယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ တတိုင်းတပြည်လုံးမှာ ပြည်တွင်းစစ်မီးကြီး ဟုန်းဟုန်းတောက်လောင်လာရာက နေ့တိုင်း အနိဋ္ဌာရုံ အဖြစ်အပျက်တွေ စဉ်ဆက်မပြတ် ဖြစ်ပွားနေတာမို့ မိုးလင်းကမိုးချုပ် လူတိုင်းလူတိုင်းအတွက် မင်္ဂလာမဖြစ်‌တော့ဘဲ အမင်္ဂလာဖြစ်နေတဲ့အချိန်ပဲ ဖြစ်ပါတယ်။

ဒီဆောင်းပါးမှာတော့ နေ့စဥ်သုံး မြန်မာစကားမှာ အသုံးများတဲ့ စကားလုံးတလုံးဖြစ်တဲ့ “မင်္ဂလာပါ” ဆိုတဲ့စကားအကြောင်း ရေးမှာဖြစ်ပါတယ်။ မင်္ဂလာပါ ဆိုတာ မြန်မာလူမျိုးတွေ တွေ့ဆုံကြရင် အသုံးပြုလေ့ရှိတဲ့ ပုံမှန်နှုတ်ဆက်စကား ဖြစ်ပါတယ်။ နှုတ်ဆက်စကား ပြောရာမှာ ကိုယ်ခန္ဓာကို အနည်းငယ်ညွှတ်ရင်း လက်အုပ်ချီကာ ပြော‌လေ့ရှိပါတယ်။

“မင်္ဂလာပါ” ဆိုတဲ့ စကားကို မြန်မာနိုင်ငံမှာ ကိုလိုနီ နယ်ချဲ့ဗြိတိသျှတို့ အုပ်ချုပ်စဉ်ကာလ ၁၉ ရာစုနဲ့ ၂၀ ရာစုအတွင်းမှာမှ စတင်သုံးစွဲလာကြတယ်လို့ ဆိုပါတယ်။ ၁၉၆၀ ပြည့်နှစ်နောက်ပိုင်း အစိုးရက စာသင်ကျောင်းတွေမှာ ကျောင်းသားတွေကို ဆရာတွေနဲ့ နေ့စဉ် ပထမဆုံးအကြိမ် တွေ့တဲ့အခါမှာ “မင်္ဂလာပါ” လို့ နှုတ်ဆက်ပြောဆိုတဲ့ စကားအဖြစ် အသုံးပြုစေခဲ့ပါတယ်။

ဧည့်ခန်း အိမ်နံရံတွေ၊ ဈေးဆိုင်ခန်းတွေ၊ ခန်းမကြီးတွေ၊ ဘတ်စ်ကားခေါင်းခန်းတွေမှာ မင်္ဂလာပါ ဆိုတဲ့စာတန်းကို ဒီဇိုင်းပုံစံအမျိုးမျိုးနဲ့ ချိတ်ဆွဲထားလေ့ ရှိပါတယ်။ အဲ့ဒီ မင်္ဂလာဆိုတဲ့ စကားလုံးရဲ့ အနှစ်သာရ အဓိပ္ပာယ်ကို ကျကျနန သိတဲ့သူတွေ အများအပြားရှိသလို မသိသူတွေလည်း ရှိနိုင်ပါတယ်။ မင်္ဂလာ ဆိုတဲ့ မြန်မာစကားဟာ ပါဠိစကား “မင်္ဂလ” ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ မင်္ဂလာရဲ့ အဓိပ္ပာယ်ကို ကြီးပွားတိုးတက်ကြောင်းတရား၊ ကောင်းမြတ်ခြင်း၊ တိုးတက်ခြင်း၊ ကျက်သရေရှိခြင်းလို့ မြန်မာအဘိဓာန်မှာ ဖွင့်ဆိုထားပါတယ်။

ဂေါတမဗုဒ္ဓဘုရားရှင်ရဲ့ အနတ္တသဘောတရား မပေါ်ထွန်းခင် အချိန်အထိ အတ္တဝါဒ သဘောတရား ယုံကြည်သူတို့နဲ့ တခြားသောသူတို့က သူတို့ထင်မြင်ရာအလိုက် မင်္ဂလာရဲ့ အဓိပ္ပာယ်ကို အမျိုးမျိုး ဖွင့်ဆိုသတ်မှတ်ကြရာမှာ အနှစ်သာရမရှိဘဲ ပကာသနနဲ့ ရုပ်ဝတ္ထု အပေါ်ယံသဘောကိုသာ ညွှန်းဆိုကြတာမို့ အားလုံးသဘောတူလက်ခံနိုင်ခြင်းမရှိဘဲ အငြင်းပွားခဲ့ကြပါတယ်။

အဲ့ဒီလို ပကာသနနဲ့ ရုပ်ဝတ္ထုအပေါ်ယံသဘောကို အခြေခံပြီး ပြုလုပ်တဲ့ အထိမ်းအမှတ် အခမ်းအနားတွေကို လောကီမင်္ဂလာ ၁၂ ပါးလို့ သတ်မှတ်ကြတာလည်း ရှိပါတယ်။

၁။ ဝိဇာတမင်္ဂလာ - မွေးဖွားသည့်နေ့တွင် ပြုလုပ်သော မင်္ဂလာ။

၂။ မုခဒဿနမင်္ဂလာ - ဖွားမြင်ပြီး သုံးရက်မြောက်နေ့တွင် ဘိုးဘွားတို့အား ပြသရသော မင်္ဂလာ။

၃။ ကေသစ္ဆေဒနမင်္ဂလာ - ဖွားမြင်ပြီး ၇ ရက်မြောက်နေ့တွင် ဆံပယ်မင်္ဂလာ။

၄။ ဒေါဠာကရဏမင်္ဂလာ - ပုခက်တင်မင်္ဂလာ။

၅။ တမ္ဗူလဘတ္တမင်္ဂလာ - မွေးဖွားပြီး ရက် ၁၀၀ ပြည့်နေ့တွင် ကွမ်းဦးခွံ့မင်္ဂလာ။

၆။ ရဝိန္ဒုဒဿနမင်္ဂလာ - မွေးဖွားပြီး ပထမလပြည့်နေ့တွင် နေ လ တို့အား ပြခြင်းမင်္ဂလာ။

၇။ နာမကရဏမင်္ဂလာ - အမည်ပေးကင်ပွန်းတပ်မင်္ဂလာ။

၈။ ပထမဘတ္တမင်္ဂလာ - ထမင်းဦးခွံ့ခြင်းမင်္ဂလာ။

၉။ ကေသာဗန္ဓနမင်္ဂလာ - ဆံကေသာထုံးဖွဲ့ခြင်းမင်္ဂလာ။

၁၀။ ကဏ္ဍဝိဇ္ဈနမင်္ဂလာ - နားထွင်းနားသမင်္ဂလာ။

၁၁။ ပဗ္ဗဇ္ဇမင်္ဂလာ - သာသနာ့အမွေဆက်ခံစေရန် ရှင်ပြုမင်္ဂလာ။

၁၂။ အာဝါဟ ဝိဝါဟမင်္ဂလာ - ထိမ်းမြားလက်ထပ်ခြင်းမင်္ဂလာ။ စတာတွေဟာ လောကီမင်္ဂလာတွေ ဖြစ်ကြပါတယ်။

ဂေါတမဗုဒ္ဓ မပေါ်ထွန်းခင် အချိန်ထိ ပုထုဇဉ်လူသားချည်းတွေသာမို့ မိမိထင်ရာမြင်ရာကို မင်္ဂလာလို့ စွဲလမ်းနေကြတဲ့ အုပ်စုကြီး ၃ စု ရှိပါသတဲ့။ ကြားရတဲ့အသံကို စွဲတဲ့အုပ်စုက ရယ်မောသံ၊ စက်မောင်းသံ၊ ခရုသင်းသံ စတဲ့ ဣဋ္ဌာရုံ ဖြစ်ဖွယ်အသံကြားရင် မင်္ဂလာရှိတယ်လို့ သတ်မှတ်ပါသတဲ့။

မျက်စိနဲ့ တပ်အပ်မြင်တဲ့ အရာတွေကို စွဲလမ်းတဲ့အုပ်စုက လှပသောပန်းကိုမြင်ခြင်း၊ ရေပြည့်တဲ့အိုး၊ အသွေးရောင်လှပတဲ့ နွားမဝဝ စတာတွေကိုမြင်မှ မင်္ဂလာဖြစ်တယ်လို့ ဆိုကြပြန်ပါသတဲ့။ ကျန်အုပ်စုကတော့ ကြားရုံ၊ မြင်ရုံနဲ့ မင်္ဂလာမဖြစ်သေး၊ ကိုယ်တိုင်ဒိဋ္ဌ ထိတွေ့ခံစားရမှ မင်္ဂလာဖြစ်တယ်လို့ ယူဆတဲ့အုပ်စုက ပန်းလှလှကို လက်နဲ့ကိုင်၊ နှာခေါင်းနဲ့ နမ်းရှူခွင့်ရမှ မင်္ဂလာ၊ ရေပြည့်အိုး မြင်ခွင့်ရတာထက် ရေကိုသောက်ခွင့်ရမှ၊ နွားမဝဝ မြင်ရတာထက် နွားနို့မလိုင်ခဲ စားခွင့်ရမှ မင်္ဂလာလို့ ငြင်းခုံကြပါသတဲ့။

အဲ့ဒီအုပ်စု ၃ စုဟာ သူ့အယူမှန်တယ်၊ ကိုယ့်အယူမှန်တယ်လို့ ငြင်းခုံကြရာမှာ သဘောတူညီတဲ့ အဖြေ မထွက်နိုင်ဘဲ လူတွေတင်သာမက နတ်အချင်းချင်းပင် ငြင်းခုံကြတယ်လို့ ဆိုပါတယ်။ ဘုမ္မစိုးနတ်၊ ရုက္ခစိုးနတ်တွေကတဆင့် အာလိန်ငါးဆင့်ကိုကျော်ပြီး တာဝတိံသာနတ်‌တွေထိ ငြင်းခုံပွဲ ကူးစက်ခဲ့တာကြောင့် နတ်တို့သနင်း သိကြားမင်းက လူပြည်လူ့ရွာမှာ အထင်အရှား ပွင့်တော်မူတဲ့ ဂေါတမမြတ်စွာဘုရားရှင်ထံ နတ်သားတပါးကို စေလွှတ် လျှောက်ထား မေးမြန်းစေခဲ့ပါသတဲ့။

မင်္ဂလသုတ် တရားတော် ပေါ်ပေါက်လာရပုံ

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ နတ်သားတပါးသည် (ညဉ့်ဦးယံ) ကုန်လွန်ပြီးသော သန်းခေါင်ယံအခါ၌ အလွန်နှစ်လိုဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးကာ တခုသောနေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရားအား ဂါထာဖြင့် လျှောက်၏။

(မြတ်စွာဘုရား) များစွာကုန်သော နတ် လူတို့သည် (မိမိ) ချမ်းသာကို တောင့်တကုန်သည်ဖြစ်၍ မင်္ဂလာ (တရား) တို့ကို ကြံကြပါကုန်၏။ (အရှင်ဘုရားသည်) မြင့်မြတ်သော (မင်္ဂလာ) တရားကို ဟောတော်မူပါလော့။ လို့ လျှောက်ထားခဲ့တာမို့ မင်္ဂလသုတ် တရားတော် ပေါ်ပေါက်လာခဲ့ရပါတယ်။

လောကီလူအရေးအရာ ကိစ္စရပ်တွေမှာသာမက ထာဝရငြိမ်းအေးရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်စေတဲ့ လောကုတ္တရာကိစ္စရပ်တွေ အတွက်မှာပါ မင်္ဂလာဖြစ်စေတဲ့ ၃၈ ဖြာ မင်္ဂလာ ပရိတ်တရားတော်ကို မြတ်စွာဘုရားရှင်ဟာ အောက်ပါအတိုင်း ဟောကြားခဲ့ပါတယ်။

၁။ အသေဝနာစ ဗာလာနံ = လူမိုက်တို့ကို မဆည်းကပ်ခြင်း။

၂။ ပဏ္ဍိတာနဉ္စ သေဝနာ = ပညာရှိတို့ကို ဆည်းကပ်ခြင်း။

၃။ ပူဇာစ ပူဇနေယျာနံ = ပူဇော်ထိုက်သူတို့အား ပူဇော်ခြင်း။

၄။ ပတိရူပ ဒေသ ဝါသောစ = သင့်တင့်သောအရပ်၌နေထိုင်ခြင်း။

၅။ ပုဗ္ဗေစ ကတပုညတာ = ပြုခဲ့သောကောင်းမှုရှိသောသူဖြစ်ခြင်း။

၆။ အတ္တသမာပဏီဓိ = မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ခြင်း။

၇။ ဗာဟုဿစ္စ = အကြားအမြင်များသောသူ၏ အဖြစ်ဖြစ်ခြင်း။

၈။ သိပ္ပ = လက်မှုပညာ အစရှိသော အပြစ်မရှိသော အတတ်တို့ကိုတတ်ခြင်း။

၉။ ဝိနယောစ သုသိက္ခိတော = ကောင်းစွာသင်အပ်သော ဝိနည်းတရားရှိခြင်း။

၁၀။ သုဘာသိတဝါစာ = ကောင်းစွာဆိုခြင်း။

၁၁။ မာတာပိတုဥပဋ္ဌာန = အမိအဘတို့ကို ကောင်းစွာ လုပ်ကျွေးခြင်း။

၁၂။ ပုတ္တဒါရဿသင်္ဂဟ = သားမယားတို့အား သင်္ဂြိုဟ်ထောက်ပံ့ခြင်း။

၁၃။ အနာကုလ ကမ္မန္တာ = အနှောင့်အယှက်မရှိသော အမှုတို့ကိုသာ ပြုခြင်း။

၁၄။ ဒါနဉ္စ = အလှူပေးခြင်း။

၁၅။ ဓမ္မစရိယ = မြတ်သောအကျင့်တို့ကို ကျင့်ခြင်း။

၁၆။ ဉာတကာနဉ္စ သင်္ဂဟ = ဆွေမျိုးတို့အား ထောက်မခြင်း။

၁၇။ အနဝဇ္ဇာနိကမ္မာနိ = အပြစ်မရှိသော အမှုတို့ကို ပြုခြင်း။

၁၈။ ပါပ အာရတီ = မကောင်းမှုမှ ဝေးစွာ ရှောင်ကြဉ်ခြင်း။

၁၉။ ပါပ ဝိရတီ = မကောင်းမှုမှ အထူးရှောင်ကြဉ်ခြင်း။

၂၀။ မဇ္ဇပါန သံယမော = သေရည်သေရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း။

၂၁။ အပ္ပမာဒေါစ ဓမ္မေသု = ကောင်းမှုကုသိုလ်တို့၌ မမေ့လျော့ခြင်း။

၂၂။ ဂါရဝ = ရိုသေထိုက်သူတို့အား ရိုသေခြင်း။

၂၃။ နိဝါတ = မိမိကိုယ်ကို နှိမ့်ချခြင်း။

၂၄။ သန္တုဋ္ဌီ = ရောင့်ရဲလွယ်ခြင်း။

၂၅။ ကတညုတ = သူပြုဖူးသော ကျေးဇူးကို သိခြင်း။

၂၆။ ကာလေန ဓမ္မဿဝန = သင့်တင့်လျောက်ပတ်သောအခါ၌ သူတော်ကောင်းတရားကို နာယူခြင်း။

၂၇။ ခန္တီ = သည်းခံခြင်း။

၂၈။ သောဝစဿတာ = သူတော်ကောင်းတို့ ဆုံးမအပ်သော စကားကို နာလွယ်ခြင်း။

၂၉။ သမဏာနဉ္စဒဿန = ရဟန်းပုဏ္ဏားတို့အား ဖူးမြင်ခြင်း။

၃၀။ ကာလေန ဓမ္မသာကစ္ဆာ = သင့်တင့်လျောက်ပတ်သောအခါ၌ တရားတော်ကို ဆွေးနွေးမေးမြန်းခြင်း။

၃၁။ တပေါ = ခြိုးခြံစွာကျင့်ခြင်း။

၃၂။ ဗြဟ္မစရိယ = မြတ်သောအကျင့်တို့ကို ကျင့်ခြင်း။

၃၃။ အရိယသစ္စာနဒဿန = အရိယသစ္စာတို့ကို သိမြင်ခြင်း။

၃၄။ နိဗ္ဗာန သစ္ဆိကိရိယာ = နိဗ္ဗာန်ကိုမျက်မှောက်ပြုရခြင်း။

၃၅။ နကမ္ပတိ = လောကဓံတရားတို့နှင့်တွေ့သော် တုန်လှုပ်သောစိတ် မရှိခြင်း။

၃၆။ အသောက = လောကဓံတရားတို့နှင့်တွေ့သော် စိုးရိမ်သောစိတ် မရှိခြင်း။

၃၇။ ဝရဇံ = လောကဓံတရားတို့တွေ့သော် စိတ်၌ ရမ္မက်မရှိခြင်း။

၃၈။ ခေမံ = လောကဓံတရားတို့တွေ့သော် စိတ်၌ဘေးမရှိခြင်း။ စတာတွေဟာ မင်္ဂလာရှိစေ၊ ဖြစ်စေတဲ့ တရားတွေ ဖြစ်ကြပါတယ်။

ဒီဆောင်းပါးမှာ အဓိကပြောချင်တာက လူတဦးချင်းအတွက်ဖြစ်စေ၊ လူ့အဖွဲ့အစည်းအတွက် ဖြစ်စေ၊ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာကြီးတခုလုံးအတွက် မင်္ဂလာရှိစေဖို့၊ ငြိမ်းချမ်းသာယာဖို့ ဆိုရင် ပြည်သူပြည်သားတိုင်း ကမ္ဘာသူကမ္ဘာသားတိုင်းဟာ သဗ္ဗပါပဝိနာသနံ မကောင်းမှုဒုစရိုက်ကို ပယ်ဖျောက်နိုင်တဲ့ တရားတွေ၊ သေတ္တာနံ - သတ္တဝါအားလုံးအတွက် ကြီးပွားချမ်းသာခြင်းကို ပေးတတ်တဲ့တရားတွေ ဖြစ်တဲ့ ၃၈ ဖြာ မင်္ဂလာတရားတော်တွေကို လက်တွေ့ကျင့်ကြဖို့ လိုအပ်ပါတယ်။

ဥပမာပြုရရင် အသေဝနာစ ဗာလာနံ = လူမိုက်တို့ကို မဆည်းကပ်ခြင်း ဆိုတဲ့ မင်္ဂလာမည်ဖို့ နိုင်ငံငံအချုပ်အခြာအာဏာကို လက်နက်အားကိုးနဲ့ အနိုင်ကျင့် လုယက်ပြီး အများပြည်သူကို ဆင်းရဲဒုက္ခကြီးစွာပေးပြီး စစ်ရာဇဝတ်မှု‌ကြီးတွေ အဖန်တလဲလဲ ကျူးလွန်နေတဲ့ စစ်ဓားပြဂိုဏ်းနဲ့ လက်ပါးစေ စစ်ကျွန်လူမိုက်တအုပ်ကို မပေါင်းဖော် မဆည်းကပ်၊ မထောက်ခံကြမှသာ မင်္ဂလာရှိပြီး တနိုင်ငံလုံး ဆင်းရဲဒုက္ခက လွတ်မြောက်လို့ ကြီးပွားချမ်းသာနိုင်ကြမှာ ဖြစ်ပါတယ်။

ထို့အတူပဲ ပဏ္ဍိတာနဉ္စ သေဝနာ = ပညာရှိတို့ကို ဆည်းကပ်ခြင်းဆိုတဲ့ မင်္ဂလာမည်ဖို့ အသိဉာဏ်ပညာ ဦးစီးပြီး သီလကောင်းရှိကြတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အမှန်တရားအတွက်၊ တရားမျှတမှုအတွက် တိုက်ပွဲဝင်နေကြတဲ့ နွေဦးတော်လှန်ရေး အင်အားစုတွေကို ထောက်ခံ ဆည်းကပ် ပူးပေါင်း ဝိုင်းရံ အားပေးကူညီကြမှသာ အေးချမ်းသာယာဝပြောတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံတော်သစ်ကို အမြန်ဆုံး အောင်မြင်စွာ တည်ထောင်နိုင်ပြီး နိုင်ငံသားတိုင်း ကြီးပွားချမ်းသာနိုင်ကြမှာ ဖြစ်တာမို့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ မြန်မာပြည်သူတိုင်း စစ်လူမိုက်‌တွေကို အားမပေးဘဲ သွေဖည်ဆန့်ကျင်လို့ မှန်ကန်စွာ မင်္ဂလာရှိနိုင်ကြပါစေကြောင်း ဆုမွန်တောင်းလျက်။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024