ကုမ္ပဏီကြီးတွေနဲ့ ကြွယ်ဝချမ်းသာသူတွေကို အခွန်တိုးကောက်ပြီး လူမှုဖူလုံရေး အစီအစဉ်တွေ တိုးမြှင့်ပေးမယ့် ဒေါ်လာ ၇ ဒသမ ၃ ထရီလီယံ ဘတ်ဂျက်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မတ်လ ၁၁ ရက်နေ့မှာ ချပြခဲ့ပါတယ်။
ရွေးကောက်ပွဲနှစ်ဘတ်ဂျက် ဖြစ်တဲ့အတိုင်း ပြည်သူအများစုကို ဆွဲဆောင်နိုင်ဖို့ အစီအစဉ်တွေ အဓိကထည့်ထားတာဖြစ်ပေမဲ့ အဆိုပြုထားတဲ့အတိုင်း တသဝေမတိမ်း လွှတ်တော်က အတည်ပြုဖို့တော့ ဖြစ်နိုင်ခြေမရှိပါဘူးလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
ဘတ်ဂျက်လိုငွေပြမှု လျှော့ချဖို့နဲ့ နေထိုင်စရိတ်၊ ကလေးစောင့်ရှောက်မှု စရိတ်တွေမှာ ခက်ခဲနေတဲ့သူတွေကို ကူညီဖို့ ကော်ပိုရေးရှင်းကြီးတွေ၊ ဝင်ငွေကောင်းသူတွေကို အခွန်တိုးကောက်မှာ ဖြစ်ပါတယ်။
လာမယ့် အောက်တိုဘာလမှာ စတင်မယ့် ၂၀၂၅ ဘတ်ဂျက်နှစ်အတွက် ကော်ပိုရိတ်ဝင်ငွေခွန်ကို ၂၁ ရာခိုင်နှုန်းကနေ ၂၈ ခိုင်နှုန်းအထိ တိုးမှာဖြစ်ပြီး ဒေါ်လာသန်း ၁၀၀ အထက် ကြွယ်ဝသူတွေကို အနည်းဆုံး ဝင်ငွေခွန် ၂၅ ရာခိုင်နှုန်း ပေးဆောင်ခိုင်းမှာ ဖြစ်ပါတယ်။
ဆေးဝါးစျေးနှုန်းတွေ ကျဆင်းစေဖို့လည်း အစိုးရက ကြားဝင်ညှိနှိုင်းမှာ ဖြစ်ပါတယ်။ ဝင်ငွေနိမ့်နဲ့ ဝင်ငွေအလယ်အလတ် မိသားစုတွေအတွက် ကလေးရှိရင် အခွန်လျှော့ပေးတာ ပြန်လုပ်မှာဖြစ်သလို ကလေးစောင့်ရှောက်မှု ပရိုဂရမ်တွေကို ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။
အိမ်ရာတွေ တည်ဆောက်ပေးဖို့ ဒေါ်လာ ၂၅၈ ဘီလီယံ သုံးမှာဖြစ်ပြီး အလုပ်သမားတွေအတွက် လစာပြည့် မိသားစုခွင့် ၁၂ ပတ်အထိ ပေးမှာဖြစ်သလို တရားဥပဒေ စိုးမိုးရေးအတွက် ဒေါ်လာဘီလီယံချီ သုံးမှာဖြစ်ပါတယ်။
Source/Photo-REUTERS/Leah Millis