TikTok ကို ပိတ်ပင်တာဟာ ပြည်သူ့ရန်သူတော် Facebook ကိုသာ ကူညီရာ ရောက်သွားမယ်လို့ သမ္မတ တကျော့ပြန်ဖြစ်ဖို့ ရေပန်းစားနေတဲ့ ဒေါ်နယ်ထရမ့်ပ်က ဝေဖန်လိုက်ပါတယ်။
မိခင် တရုတ်ကုမ္ပဏီ ByteDance အနေနဲ့ သူ့ရှယ်ယာတွေကို စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထားပြီး ပြန်ရောင်းချင်ရောင်း၊ မရောင်းရင် အမေရိကန်မှာ ပိတ်မယ်ဆိုတဲ့ လွှတ်တော်ဥပဒေကြမ်းကို သဘောမတူကြောင်း ထရမ့်ပ်က ထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။
ဒီဥပဒေကြမ်းကို လွှတ်တော်ကသာ အတည်ပြုရင် ကန့်ကွက်ဖို့မရှိဘဲ လက်မှတ်ထိုးပေးမယ်လို့ လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်ကလည်း ပြောထားပါတယ်။
ထရမ့်ပ်ကိုယ်တိုင်လည်း သမ္မတဘဝမှာတုန်းက TikTok ကိုပိတ်ဖို့ ကြိုးစားခဲ့ဖူးပေမဲ့ အဲဒီတုန်းက တရားရုံးက တားမြစ်ခဲ့တဲ့အတွက် အကောင်အထည် မပေါ်ခဲ့ပါဘူး။
အခုလို ထရမ့်ပ်ရဲ့သဘောထား ပြောင်းသွားတာဟာ TikTok မှာ ရှယ်ယာပါတဲ့ ရီပတ်ဘလီကန်ပါတီရဲ့ အဓိကအလှူရှင်တဦးက တိုက်တွန်းလို့ဖြစ်တယ်လို့ ABC ရုပ်သံသတင်းက ဖော်ပြပါတယ်။
ထရမ့်ပ်က TikTok မှာ ကောင်းတာလည်း ရှိသလို ဆိုးတာလည်းရှိတယ်လို့ NBC ရုပ်သံနဲ့ မတ်လ ၁၁ ရက် အင်တာဗျူးမှာ ပြောပါတယ်။
“TikTok ကို ကြိုက်ကြတဲ့သူတွေ အများကြီးရှိတယ်။ TikTok ကို ရူးသွပ်တဲ့ ကလေးတွေ အများကြီးရှိပါတယ်” လို့ ထရမ့်ပ်က ဆိုပါတယ်။
Source/Photo-Reuters