ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်နဲ့ ဟိုပုံးမြို့နယ်ကနေ တိုက်ပွဲဖြစ်လို့ စစ်ဘေးတိမ်းရှောင်သွားတဲ့ ကျေးရွာတွေမှာ ပအိုဝ်းပြည်သူ့စစ် (PNA) တပ်ဖွဲ့ဝင်တွေ ဝင်ရောက်နေထိုင်ပြီး ရွာထဲမှာကျန်ခဲ့တဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ် စားသောက်နေကြတယ်လို့ ရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သော့ခတ်ထားတဲ့ နေအိမ်တွေကိုလည်း သော့ဖျက်ပြီး ဝင်ရောက်နေထိုင်ကြသလို တပ်ဖွဲ့ဝင်တွေ အတွက် ချက်ပြုတ်ဖို့ ရွာသားတွေကိုလည်း အမိန့်ပေး စေခိုင်းနေကြတယ်လို့ သိရပါတယ်။
ဆီဆိုင်မြို့နယ် နားသံကျေးရွာအုပ်စုထဲမှာ နေထိုင်တဲ့ ရွာခံအမျိုးသားတဦးက “ရွာထဲမှာ ရွာသားတွေ မရှိဘူးဆိုရင် စစ်ရှောင်သွားတဲ့နေရာကို လိုက်ခေါ်တယ်။ ဝက်တွေ၊ ကြက်တွေကို သတ်ခိုင်းတယ်။ ပြီးရင် သူတို့စားဖို့ ချက်ပြုတ်ပေးရတယ်။ ဆိုင်ထဲက အရက်တွေကိုလည်း ယူသောက်ကြတယ်။ မနက်ဆိုလည်း ရေနွေးထတည်ပေးရတယ်။ ကော်ဖီကို တခါဖျော် ၂ ထုပ်၊ ၃ ထုပ် ကြိုက်သလိုကို ဖျော်ကြတယ်။ မုန့်တွေလည်း အကုန်ယူဖြုတ်၊ ဘယ်သူမှ မတားရဲဘူး။ အဲ့လိုမျိုးကို တပတ်လောက်ထိ နေတယ်။ ပြီးကျမှ ပြန်ထွက်ကြတာ” လို့ ပြောပါတယ်။
ဟိုပုံးမြို့နယ်၊ စအွန်ရွာခံ အမျိုးသမီးတဦးကလည်း “ကျမတို့ပြေးတော့ ရွာမှာ ရွာခံတချို့ ကျန်ခဲ့တယ်လေ။ အဲဒီရွာခံတွေကိုလည်း စစ်သားလုပ်ခိုင်းတယ်။ အိမ်ပေါ်တက်ပြီး ချက်ပြုတ် စားသောက်တယ်။ လူမရှိတဲ့အိမ်တွေတက် ဆန်အိတ်တွေထမ်းပြီး သွားကြတာ” လို့ ပြောပါတယ်။
လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ပြန်ထွက်သွားတဲ့ အချိန်မှာလည်း ကျေးရွာထဲက စားသောက်ကုန်ဖွင့်ထားတဲ့ ဆိုင်ကနေ အရက်၊ ဘီယာ၊ မုန့်၊ ကော်ဖီ၊ ဆန်၊ ဆီနဲ့ ခေါက်ဆွဲခြောက်တွေပါ အကုန်သယ်သွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNA) တပ်နဲ့ PNLA တပ်က ဆီဆိုင်မြို့နယ်အတွင်းမှာ တလကျော်ကြာ တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပါတယ်။
တိုက်ပွဲတွေဖြစ်ပွားတဲ့အတွက် မြို့နယ်နှစ်ခုအတွင်းက ဒေသခံ ၁ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။