ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ် မန ကျေးရွာအနီးက တရားမဝင် ကျောက်စိမ်းဖော်နေရာက ကျောက်စိမ်းလုပ်ကွက်ဟောင်း ရွှံ့နွံကန်တခု မတ် ၁၂ ရက် ဒီနေ့မနက် ၄ နာရီခွဲလောက်က ပြိုကျခဲ့ပြီး ၂၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ ကျောက်စိမ်းတူးဖော်ရေး လုပ်သားတွေဆီက သိရပါတယ်။
အဆိုပါ နွံကန်ပြိုကျမှုကြောင့် ကုမ္ပဏီဝန်ထမ်း ၂၃ ဦးထက်မနည်း သေဆုံးခဲ့တဲ့အပြင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းသုံး မြေသယ်ယာဉ် ၉ စီးနဲ့ ဘက်ဟိုး ၇ စီး ရွှံ့နွံတွေထဲ နစ်မြုပ်သွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ ကုမ္ပဏီဝန်ထမ်းတဦးက ပြောပါတယ်။
အမည်မဖော်လိုသူ ကုမ္ပဏီဝန်ထမ်းတဦးက “လူကတော့ လောလောဆယ် သူတို့ စာရင်းလုပ်လို့ရတာ ၂၃ ယောက်ပေါ့။ စက်သမား၊ ကြီးကြပ်တို့၊ ကျောက်ရှာတို့ ကျင်းဖိုက်တာ အဲလိုလူတွေပေါ့။ အဲထက်လည်း များနိုင်တယ်ဗျ။ မြေစာသယ်ကား ၉ စီး၊ ဘက်ဟိုး ၇ စီး အဲဒါတွေ အကုန်မြုပ်ကုန်ပြီ” လို့ ပြောပါတယ်။
အခုပြိုသွားတဲ့ နွံကန်ဟာ ၃ ကြိမ်မြောက် ပြိုကျခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ တကြိမ်ပြိုကျခဲ့စဉ်က ရေမဆေးကျောက်ရှာသူ ၂ ဦးနဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လကုန်ပိုင်းက တကြိမ်ပြိုကျခဲ့စဉ်က ရေမဆေးကျောက်ရှာသူ ၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး ရုပ်အလောင်း ၂ လောင်းသာ ဆယ်ယူရရှိခဲ့ပါတယ်။
အခုတကြိမ် ပြိုကျမှုဟာ သေဆုံးသူ ၂၃ ဦး ဆိုပေမဲ့ ဒီအရေအတွက်ထက် များနိုင်တယ်လို့ ကုမ္ပဏီဝန်ထမ်းတွေက ပြောပါတယ်။
မြေပြိုမှုနဲ့ နွံကန်ပြိုကျမှုကြောင့် သေဆုံးသွားတဲ့ ကုမ္ပဏီလုပ်သား စာရင်းအမှန်ကို ကုမ္ပဏီတွေက ထုတ်ပြန်လေ့မရှိဘဲ အဲဒီလို လုပ်ဆောင်တာဟာလည်း သေဆုံးသူတွေကို နစ်နာကြေးပေးရမှာကြောင့်လို့ ကုမ္ပဏီဝန်ထမ်းတဦးက ပြောပါတယ်။
“အလုပ်ဝင်ရင် မှတ်ပုံတင်ပါ ပေးထားရတာ။ အဲလို တခုခုဖြစ်လို့ သေသွားရင် မှတ်ပုံတင်တွေပါ ဖျက်ဆီးပြီး စာရင်းဖျောက်ပစ်တာ။ ဒါမှ သူတို့က နစ်နာကြေး မပေးရမှာလေ။”
အခု နွံကန်ပြိုကျရာမှာ လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေဟာ တရုတ်လောပန်း ဦးချိုနဲ့ နဂါးကိုးကောင် ကုမ္ပဏီက အများဆုံးဖြစ်တယ်လို့ ဒီဗွီဘီက စုံစမ်းသိရှိရပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းရှင်တွေနဲ့ ဦးဆောင်လုပ်ကိုင်နေခဲ့တာ ၃ နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။
ဒေသတွင်း စစ်ကောင်စီတပ်ကိုတော့ လုပ်ငန်းရှင်တွေက ညှိနှိုင်းပြီး လစဉ်ကြေး ပေးဆောင်ရတာတွေ ရှိတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားမဝင် ကျောက်စိမ်းတူးဖော်မှု လုပ်ငန်းတွေကြောင့် ၃ နှစ်အတွင်း လူသေဆုံးမှု ရာနဲ့ချီ ရှိခဲ့ပြီလို့လည်း ဒေသတွင်း နာရေးကူညီမှုအသင်းတွေဆီက စာရင်းတွေအရ သိရပါတယ်။
PHOTO -လက်ရှိပြိုကျနေတဲ့တောင်ကုန်းပုံ