ယူကရိန်းမှာ “အလံဖြူထောင်ရဲတဲ့ သတ္တိ” ရှိရမယ်ဆိုတဲ့ ပုပ်ရဟန်းမင်း ဖရန်စစ်ရဲ့ စကားကို သဘောမတူကြောင်း၊ လိုအပ်နေတာက အလံဖြူတွေမဟုတ်ဘဲ စစ်ရေးအကူအညီသာ ဖြစ်ကြောင်း နေတိုးတပ်ဖွဲ့ အတွင်းရေးမှူးချုပ် ယန်းစ်စတော့ တန်ဘာ့ဂ်က မတ် ၁၁ ရက်မှာ တုံ့ပြန်လိုက်ပါတယ်။
“အခြေခံအားဖြင့် စစ်ပွဲကို အဆုံးသတ်နိုင်တဲ့ နည်းလမ်းသုံးခု ရှိပါတယ်။ သမ္မတ ပူတင်က အိမ်နီးချင်းကို တိုက်နေတာ ရပ်လိုက်ရင် ငြိမ်းချမ်းရေးရပါပြီ။ (ဒုတိယနည်းက) ယူကရိန်းက ပြန်ခံမချဘဲ လက်နက်ချလိုက်တာပါ။ သိမ်းပိုက်ခံလိုက်မယ်၊ လက်နက်ချလိုက်မယ် ဆိုရင်လည်း ငြိမ်းချမ်းရေးဆိုတာ မရပါဘူး” လို့ နေတိုးအတွင်းရေးမှူးချုပ်က ပြောပါတယ်။
“တတိယနည်းလမ်းကတော့ ယူကရိန်းက အချုပ်အခြာအာဏာနဲ့ လွတ်လပ်တဲ့နိုင်ငံ ဆိုတာကို ထိန်းသိမ်းထားပြီး ဆွေးနွေးအဖြေရှာတာ ဖြစ်ပါတယ်။ အဲဒီလိုဖြစ်ဖို့က စစ်မြေပြင်မှာ မနိုင်တော့ဘူးဆိုတာ သမ္မတပူတင်က လက်ခံသွားမှ ရမယ်။ အဲဒီတော့ ညှိနှိုင်းပြီး ငြိမ်းချမ်းတဲ့၊ အဓွန့်ရှည်တဲ့ အဖြေလိုချင်ရင် ယူကရိန်းကို စစ်ရေးအကူအညီ ပေးမှရမယ်။ တွေ့ဆုံဆွေးနွေးရေး စကားဝိုင်းပေါ်မှာ ဘာဖြစ်သလဲဆိုတာ စစ်မြေပြင်က အင်အားနဲ့ လုံးဝ ခွဲခြားလို့ မရပါဘူး” လို့ စတော့တန်ဘာ့ဂ်က တုံ့ပြန်ခဲ့ပါတယ်။
ယူကရိန်းကို နေတိုးတပ်ဖွဲ့ဝင်တွေ လွှတ်ဖို့ ဆိုတဲ့ကိစ္စကိုတော့ နေတိုးအတွင်းရေးမှူးချုပ်က ငြင်းဆိုသွားခဲ့ပါတယ်။
အဖွဲ့ဝင်နိုင်ငံတွေကြားမှာ စစ်ရေးအရ စည်းနှောင်ထားတဲ့အတွက် အဖွဲ့ဝင်တနိုင်ငံက သူ့သဘောအလျောက် ယူကရိန်းကို တပ်တွေလွှတ်ရင်တောင် နေတိုးတဖွဲ့လုံးအပေါ် သက်ရောက်မှု ရှိသွားမယ်လို့လည်း သတိပေးခဲ့ပါတယ်။
Source/Photo-REUTERS/Yves Herman