ဂါဇာလေကြောင်းတိုက်ခိုက်မှုအတွင်းမှာ ဟားမတ်စ်ရဲ့ နံပါတ်နှစ်ခေါင်းဆောင် မာဝန်အီဆာ သေဆုံးသွားခြင်းရှိ၊ မရှိ အတည်ပြုနိုင်ဖို့ စစ်ဆေးနေတယ်လို့ အစ္စရေးစစ်တပ်က မတ်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အီဆာ ရှိနေတဲ့နေရာကို သတင်းရတဲ့အတွက် ဂါဇာကမ်းမြောင် အလယ်ပိုင်းက အယ်နူဆေရက် ဒုက္ခသည်စခန်းကို ဗုံးကြဲခဲ့တာလို့ အစ္စရေးစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ရေတပ်ဗိုလ်ချုပ် ဒန်နီယယ် ဟက်ဂါရီက ပြောပါတယ်။
ရာမာဒန်ဥပုသ်လ အတွင်းမှာ အပစ်အခတ်ရပ်စဲဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်းမှုဟာ အောင်မြင်နိုင်ခြေ နည်းပါးလာချိန်မှာ အစ္စရေးက ထိုးစစ်ကို အရှိန်မြှင့်လာနေပါတယ်။
မာဝန်အီဆာ သေဆုံးကြောင်း အတည်ပြုနိုင်ရင် ငါးလတာစစ်ပွဲအတွင်း ဟားမတ်စ်ဘက်က သေဆုံးတဲ့ ရာထူးအကြီးဆုံးခေါင်းဆောင် ဖြစ်လာမှာပါ။
လူလုံးထွက်ပြလေ့မရှိဘဲ နောက်ကွယ်မှာသာ နေလေ့ရှိတာကြောင့် “အရိပ်လူသား” လို့ နာမည်ကြီးတဲ့ အီဆာဟာ အောက်တိုဘာ ၇ ရက်နေ့ အစ္စရေးနယ်မြေထဲ ဝင်ရောက်တိုက်ခိုက်မှုကို ဦးဆောင်စီစဉ်ခဲ့တဲ့ ခေါင်းဆောင်သုံးဦးထဲက တဦးလို့ ယူဆရပါတယ်။
အဲဒီနောက်ပိုင်း အစ္စရေးက ဂါဇာမှာ ထိုးစစ်ဆင်တဲ့ အချိန်မှာလည်း ဟားမတ်စ်တပ်ဖွဲ့တွေကို အဓိကကွပ်ကဲတာ အီဆာ ဖြစ်တယ်လို့ အစ္စရေးဘက်က ယူဆထားပါတယ်။
Source/Photo-Reuters