Home
မြန်မာသတင်း
ထီးချိုင့်မြို့၌ ဖမ်းဆီးခံ ရွာသားအချို့ ပြန်မလွတ်သေး 
DVB
·
March 11, 2024
Htee Chaik SAC destroyed 1_11032024

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ထီးချိုင့်မြို့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ပြည်သူတချို့ကို စစ်ကောင်စီက ပြန်လွှတ်ပေးပြီးကျန်တဲ့ အမျိုးသား ၁၀ ယောက်ဝန်းကျင်ကို ဆက်လက်ဖမ်းဆီးထားပါတယ်။

ဖေဖော်ဝါရီလဆန်းပိုင်းမှာ ထီးချိုင့်မြို့ထဲကို ပြန်ဝင်ခဲ့တဲ့ ဒေသခံ ပြည်သူ ၆၀ ဝန်းကျင်ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။ 

လတ်တလောမှာ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေ ပြန်လွတ်လာပြီး အမျိုးသား ၁၀ ယောက်ဝန်းကျင်ကတော့ ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ ထီးချိုင့်-ကသာ ပအဖ သတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

၂၀၂၃ နိုဝင်ဘာ ၈ ရက်ကစပြီး ဒေသကာကွယ်ရေးအဖွဲ့တွေက ထီးချိုင့်မြို့ကို သိမ်းယူဖို့ ကြိုးစားခဲ့တာဖြစ်ပြီး စစ်ကောင်စီက လေကြောင်းပစ်ကူတွေ သုံးခဲ့တာကြောင့် အချိန် ၄ လကျော် အချိန်အထိ မသိမ်းယူနိုင်ခဲ့ပါဘူး။

တိုက်ပွဲဖြစ်နေတဲ့ ကာလတလျှောက်မှာ ပြည်သူတွေ မြို့ထဲပြန်ဝင်နိုင်ပြီဆိုတဲ့ သတင်းအမှားတွေကို စစ်ကောင်စီက ထုတ်လွှင့်ခဲ့ပြီး တိုက်ပွဲကြားထဲမှာ အရပ်သားပြည်သူတွေ ပိတ်မိပြီး တိုက်ပွဲအရှိန်ချနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

ထီးချိုင့်-ကသာ ပအဖပြန်ကြားရေးတာဝန်ခံ ကိုရန်ရှင်းအောင် “ပြန်တော့ ပြန်လွတ်ခဲ့ပြီ ပြောတယ်။ ကျန်တဲ့ ခေါ်ထားတဲ့သူလည်း ခေါ်ထားတာပေါ့လေ။ မြို့ထဲကို ဝင်လို့မရဘဲ ဝင်ကြတာနေမှာပေါ့။ တော်တော်များများတော့ ပြန်လွတ်တယ် ပြောတာပဲ။ အတိအကျတော့ ကျနော်တို့ မပြောတတ်ဘူးဗျ။ ၁၀ ယောက်လောက်တော့ ခေါ်ထားတယ်ဆိုတဲ့ ပုံစံမျိုး ပြောကြတာပဲ။ ကျန်တဲ့ဟာတွေတော့ အမျိုးသမီးတွေ ဘာညာ ပြန်လွှတ်လိုက်တယ်လို့ ပြောကြတာပဲဗျ။ ဝင်ချင်တဲ့လူလည်း ဝင်လို့ရတယ် နေမှာပေါ့။ ဝင်တော့ ဝင်ခိုင်းတယ် ပြောတယ်။ ဒါပေမဲ့ အကုန်လုံး မီးရှို့ထားတာဆိုတော့ ဘာမှမရှိဘူးလေ။ တိုက်ပွဲကြား ဆိုတော့လည်း ကြိုကြားကြိုကြားလည်း ဖြစ်နေတာဆိုတော့ သူတို့ကလည်း မြို့ထဲအနှံ့တော့ ဖြန့်ထားတာပဲ။ မြစ်အရှေ့ဘက်ကမ်းက မြတောင်နဲ့ ထီးချိုင့်မြို့ထဲမှာတော့ သူတို့ ဖြန့်ကြက် နေရာယူထားတယ်ပေါ့။ ဒါပေမဲ့ သူတို့အပြင်ကိုတော့ တိုက်နိုင်တာ မရှိဘူးပေါ့ဗျာ။ သူတို့ ရှိတဲ့နေရာမှာပဲ သူတို့ ကာထားတဲ့ပုံစံမျိုးတော့ ရှိတယ်။ စစ်ရေးကတော့ လောလောဆယ်မှာတော့ ဘာမှ ထူးထူးခြားခြား မရှိသေးပါဘူး။ လောလောဆယ်တော့ အားလုံးက ကချင်ဘက် အာရုံစိုက်နေကြတော့ ဒီဘက်ကိုတော့ အေးစက်နေတဲ့ ပုံစံမျိုးပေါ့လေ။ အင်အားထပ်ဖြည့်တာလည်း မရှိပါဘူး”လို့ ပြောပါတယ်။

ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထီးချိုင့်မြို့နယ်မှာ နေထိုင်တဲ့ပြည်သူ ၁ သိန်းကျော်ဟာ တနေ့တခြား စားဝတ်နေရေး ပိုကျပ်တည်းလာတယ်လို့ စစ်ရှောင်ပြည်သူ တယောက်က ပြောပါတယ်။

ထီးချိုင့်မြို့မှာ တည်ရှိတဲ့အ ဆောက်အဦအားလုံးနီးပါးကတော့ မီးလောင်ပျက်စီးသွားခဲ့ပြီ ဖြစ်ပါတယ်။

ထီးချိုင့်မြို့ဟာ တောင်ကြောတွေကြားမှာ တည်ရှိတဲ့မြို့ဖြစ်ပြီး တိုက်ပွဲတွေကြောင့် တောင်ရိုးတွေပေါ် ထွက်ပြေးတိမ်းရှောင်တဲ့သူတွေနဲ့ လွင်ပြင်ဘက်ကို ထွက်ပြေး တိမ်းရှောင်သူတွေ  နှစ်ခြမ်းကွဲခဲ့ပါတယ်။ 

ပြည်သူ ၆၀ ကျော် မြို့ထဲပြန်ဝင်ပြီး အဖမ်းခံရတဲ့ ပြဿနာဟာ သတင်းအချက်အလက်အမှန် မရနိုင်တဲ့ အခြေအနေနဲ့လည်း သက်ဆိုင်ခဲ့ပါတယ်။

ဒေသခံအမျိုးသမီးတဦးက “တောင်ရိုးကို သွားခိုတဲ့သူ မရှိဘူးရှင့်။ ဘာလို့လဲဆိုရင် တောင်ရိုးပေါ်က များသောအားဖြင့် သွားလာလှုပ်ရှားမှု ပိုများတာကိုး။ များသောအားဖြင့် လူတွေက အခုချိန်မှာစိတ်က ဒေါသဖြစ်နေတာရော ၀မ်းနည်းတာရော တအားကြီးကို စိတ်ပိုင်းဆိုင်ရာ တအားထိခိုက်နေကြတာဆိုတော့ ဒီလိုကိစ္စမျိုးကို ငါ ခံနိုင်ရည်ရှိအောင်နေမယ် ဆိုတဲ့အတွေးနဲ့ နေတာ။ စိတ်ပိုင်းဆိုင်ရာ အတော်ထိခိုက်တယ်။ ဘာလို့လဲဆိုရင် စကားပြောတာကိုမှာက အခုမို့ ဖြောင့်အောင်ပြောနိုင်တာ စကားပြောတာတွေကအစ အဆင်မပြေတာပေါ့နော်။ စိတ်ပိုင်းဆိုင်ရာတွေ ထိခိုက်တဲ့အခါကျတော့လေ။”

ထီးချိုင့်မြို့ဟာ ကုန်းလမ်း၊ ရေလမ်းစတဲ့ ထောက်ပို့လမ်းကြောင်း နှစ်ခုစလုံးအတွက် အရေးပါနေတာ၊ မန္တလေးတိုင်းနဲ့ ထိစပ်နေတာစတဲ့ ဗျူဟာအရ အရေးပါတဲ့အချက်တွေကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတို့ နှစ်ဖက်စလုံးက လက်လွတ်မခံနိုင်ဘဲ တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။

ထီးချိုင့်မြို့ခံတဦးက “ကျနော်တို့က အဆုံးစွန် ဘာကိုတွက်ထားသလဲဆိုရင် ကျနော်တို့က ဆုံးရှုံးမှုတွေတော့ အကုန်လုံးဆုံးရှုံးပြီးပြီ။ ကျနော်တို့ရဲ့ ဆုံးရှုံးမှုနဲ့ညီမျှအောင် ထီးချိုင့်မြို့ကြီးကို ပိုင်ပိုင်နိုင်နိုင်သိမ်းနိုင်တဲ့ အောင်မြင်မှုမျိုးကိုပဲ မျှော်မှန်းတယ်။ အမှတ် ၃ တို့ဆိုတာတော့ အရှေ့အရပ် သူတို့အခု အခြေစိုက်ထားတဲ့ မြသိန်းတန်တောင်ခြေတဝိုက်ပေါ့။ အဲဒါရဲ့ မြောက်ဘက်ကိုက အမှတ် ၂ ရပ်ကွက်။ ကျနော်တို့ အဲဒီရဲ့ မြောက်ဘက်ကျတယ် အမှတ် (၁) ရပ်ကွက်မှာ နေတာ။ ထားပါတော့ဗျာ ကျနော်တို့က ခံနိုင်ရည်ရှိတယ်ဗျ၊ ကျနော်တို့ထက် နွမ်းတဲ့သူတွေအတွက် ကူညီမှုတွေကတော့ လိုအပ်တယ်လို့ မြင်တယ်ဗျ၊ စား၀တ်နေရေး ဘယ်လောက် ကျပ်တည်းလဲဆိုရင် အလုပ်အကိုင်မရှိတဲ့အခါကျတော့ ဆန်တောင် စားစရာမရှိတဲ့ အခြေအနေမျိုး ဖြစ်ကြတာတွေ အများကြီးရှိတယ်”လို့ ပြောပါတယ်။

ဧရာဝတီမြစ်တဖက်ကမ်း မြတောင်ကျေးရွာအုပ်စုဘက်က စစ်ကောင်စီ ထောက်ပို့လမ်းကြောင်း မပိတ်နိုင်သေးတာကြောင့် ထီးချိုင့်မြို့ထဲမှာ စစ်ကောင်စီက ဆက်လက်တပ်စွဲထားနိုင်တာလို့  ဒေသခံ PDF တွေက ပြောပါတယ်။ 

စစ်ကောင်စီက လေကြောင်းကနေလည်း လက်နက်နဲ့ရိက္ခာတွေ ဆက်ပို့ပေးနေပြီး ထီးချိုင့်မြို့ကို ဆက်ထိန်းဖို့ ကြိုးစားခဲ့ပါတယ်။

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024