Home
နိုင်ငံတကာ
ရာမာဒန်ဥပုသ်လအတွင်း သတင်းတုများ မဖြန့်ရန် အစ္စရေးသတိပေး
DVB
·
March 11, 2024
Israel_11032024

မွတ်စလင်တွေရဲ့ ရာမာဒန် ဥပုသ်လအတွင်း ဂျေရုဆလင်မြို့က အယ်လ်အက်ဆာဗလီ အပါအဝင် မြင့်မြတ်တဲ့ နေရာတွေကို အစ္စရေးက ခြိမ်းခြောက်နေတယ်ဆိုတဲ့ သတင်းတုတွေကို မဖြန့်ဖို့ အစ္စရေးက မတ်လ ၁၀ ရက်မှာ သတိပေးခဲ့ပါတယ်။

အစ္စရေးဟာ နိုင်ငံအတွင်း နေရာအားလုံးက ဘာသာတရားအားလုံးအတွက် ဘာသာရေး လွတ်လပ်ခွင့်ကို ခိုင်ခိုင်မာမာ ကာကွယ်ပေးသွားမယ်လို့ အစ္စရေးအစိုးရ ပြောခွင့်ရ ရေကယ်လာ ကာရမ်ဆွန်က ပြောပါတယ်။

အရင်နှစ်တွေအတိုင်း ဗလီဝန်းထဲကို ဝင်ခွင့်ပြုမယ့် ဝတ်ပြုသူဦးရေ အတူတူ ခွင့်ပြုပေးထားတယ်လို့ အစ္စရေးဝန်ကြီးချုပ်ရုံးက ဒီအပတ်အစောပိုင်းမှာ ကြေညာချက် ထုတ်ပြန်ထားတဲ့အတိုင်း သူက ထပ်ပြောခဲ့ပါတယ်။

မွတ်စလင်ကမ္ဘာမှာ အမြင့်မြတ်ဆုံးနေရာတွေထဲက တခုဖြစ်တဲ့ အယ်လ်အက်ဆာဗလီဟာ ဂျေရုဆလင်ရဲ့ မြို့ဟောင်း တောင်ကုန်းထိပ်မှာရှိပြီး ဂျူးလူမျိုးတွေ ကြည်ညိုလေးစားတဲ့ ရှေးဟောင်းဘုရားကျောင်းနှစ်ခုလည်း ရှိနေပါတယ်။

အစ္စရေးဟာ ၁၉၆၇ အရှေ့အလယ်ပိုင်းစစ်ပွဲအတွင်း ဒီနေရာကို သိမ်းပိုက်ခဲ့ပြီး အရှေ့ဂျေရုဆလင်ကို တရားဝင် ကျူးကျော်သိမ်းပိုက်ခဲ့ပါတယ်။

အရှေ့ဂျေရုဆလင်ဟာ ပါလက်စတိုင်းတွေက လွတ်လပ်တဲ့နိုင်ငံရဲ့ မြို့တော်အဖြစ် လိုချင်နေတဲ့နေရာလည်း ဖြစ်ပါတယ်။

ရာမာဒန်ဥပုသ်လ ငြိမ်းချမ်းအောင် ကာကွယ်စောင့်ရှောက်မယ်၊ လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ လှုံ့ဆော်မှုတွေနဲ့ လိမ်လည်လှည့်ဖျားတဲ့ အချက်အလက်တွေကို နှိမ်နင်းဖို့ ပိုလုပ်ဆောင်မယ်လို့ ရဲတွေက ပြောပါတယ်။ အကြမ်းဖက်ဝါဒ လှုံ့ဆော်မှု သံသယနဲ့ လူအယောက် ၂၀ ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013