ထိုင်းနိုင်ငံ၊ မြို့တော်ဘန်ကောက်၊ နိုင်ငံမြောက်ပိုင်း ချင်းမိုင်နဲ့ ထိုင်းတောင်ပိုင်း ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းရှိရာ ဖူးကတ်မြို့တွေမှာ မြန်မာနိုင်ငံသားတွေ ကွန်ဒိုတိုက်ခန်းတွေ အဝယ်များလာတယ်လို့ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူတွေထံက သိရပါတယ်။
ဘန်ကောက်မြို့မှာဆိုရင် မြန်မာနိုင်ငံသားတွေက Sukhumvit, Phrom Phong နဲ့ Asoke တို့လို နေရာတွေနဲ့ ဆေးရုံ၊ ကျောင်း၊ ဈေးဝယ်စင်တာနဲ့ နီးတဲ့ အဆင့်မြင့် ကွန်ဒိုတွေကို လူကြိုက်များကြတယ်လို့ ဆိုပါတယ်။
ထိုင်းတောင်ပိုင်း ဖူးကတ် ကမ်းခြေမှာတော့ မြန်မာနိုင်ငံက ငွေကြေးသုံးနိုင်တဲ့ လုပ်ငန်းရှင်တွေ၊ ခရိုနီတွေ၊ သူဌေးတွေဟာ ဘတ် သန်း ၄၀ အထက် ရေကူးကန်ပါတဲ့ Pool Villa လို အိမ်ကြီးတွေ၊ သီးသန့်ဆန်တဲ့ နေရာထိုင်ခင်းတွေကို ပိုပြီး လူကြိုက်များ ဝယ်ယူကြပါတယ်။
မြန်မာနိုင်ငံနဲ့ ရာသီဥတု၊ ယဉ်ကျေးမှု နီးစပ်တဲ့ ထိုင်းမြောက်ပိုင်း ချင်းမိုင်မြို့မှာတော့ မိသားစုတွေ နေလောက်တဲ့ အိမ်ကြီးကြီးတွေ၊ အဆင့်မြင့် ကွန်ဒို မီနီယမ်တွေကို ငှားရမ်းတာ၊ ဝယ်ယူတာတွေ ရှိလာတယ်လို့ အိမ်ခြံမြေ အရောင်း အေးဂျင့်တွေက ပြောပါတယ်။
ဘတ် ၅ သန်းကနေ ၁၀ သန်းကြား ကွန်ဒိုအခန်းတွေဆိုရင် BTS ဘူတာရုံတွေနဲ့ နီးတဲ့ အခန်းတွေကို ရွေးချယ် ဝယ်ယူကြတယ်လို့ ကွန်ဒို အရောင်း အေးဂျင့်တွေဆီက သိရပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ ကွန်ဒိုတိုက်ခန်းတွေ ဝယ်ယူသူ တနှစ်ထက် တနှစ် ပိုများလာပြီး ဝယ်ယူတဲ့ အခန်းဈေးနှုန်းဟာ ပျမ်းမျှ ထိုင်းဘတ်ငွေ ၆ သန်းခွဲလောက် ရှိတယ်လို့ ထိုင်းအခြေစိုက် The Nation သတင်းမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး မငြိမ်မသက်မှုနဲ့ စီးပွားရေး ကျဆင်းမှုတွေကြောင့် ငွေကြေး တတ်နိုင်သူတွေက အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကွန်ဒို တိုက်ခန်း ဝယ်ယူမှု တနှစ်ထက် တနှစ် ပိုများလာပါတယ်။
၂၀၂၁ ခုနှစ်အထိ ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေ ဈေးကွက် ဝယ်ယူမှုအများဆုံး နိုင်ငံခြားသားစာရင်းမှာ မြန်မာနိုင်ငံက ထိပ်တန်း ၁၀ နိုင်ငံစာရင်းထဲ မပါဝင်ခဲ့ပေမယ့် ၂၀၂၂ ခုနှစ်ကစလို့ အဆင့် ၇ နေရာ၊ ၂၀၂၃ ခုနှစ်မှာ အဆင့် ၅ နေရာအထိ ပါဝင်ခဲ့ပါတယ်။
စာရင်းတွေအရ ၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံသားတွေဟာ ထိုင်းဘတ် ၃ ဒသမ ၇၁ ဘီယီယံတန်တဲ့ အခန်း ၅၆၄ ခန်းအထိ ဝယ်ယူခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်တုန်းကတော့ ၃၄၉ ခန်း ဝယ်ယူခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ အခန်း ၃၀ ပဲ ဝယ်ယူခဲ့တာနဲ့ နှိုင်းယှဉ်နဲ့ တနှစ်ထက်တနှစ် တဟုန်ထိုး မြင့်တက်လာတာ တွေ့ရပါတယ်။
ATT Aung Ti Tand ကုမ္ပဏီ ရှယ်ယာရှင် ဒေါက်တာ ဇော်လင်းက “ပျမ်းမျှတော့ အကြမ်းဖျင်း ကျနော်တို့ ၃ သန်းကနေ ၅ သန်းအတွင်းရှိတဲ့ ကွန်ဒို မီနီယံတွေကို ရောင်းချပေးနေပါတယ်။ အဲ့ထဲမှာတော့ တချို့က Ready to move လို့ ခေါ်တဲ့ အသင့်နေ တိုက်ခန်းတွေကို ရွေးတယ်။ တချို့ကတော့ ကြိုပွိုင့် ယူတယ်။ ကြိုပွိုင့်ကတော့ Booking fees ပေးတယ်။ ပေးပြီး down payment မူလ သတ်မှတ်ထားတဲ့ ၂၀ ရာခိုင်နှုန်း သို့မဟုတ် ၃၀ ရာခိုင်နှုန်း ပေးရတယ်။ တချို့ ကွန်ဒိုတွေက ၁၂ ရာခိုင်နှုန်း၊ တချို့က ၃၅ ရာခိုင်နှုန်း ပေးရတယ်။ ပြီးတဲ့အခါကျ ပရောဂျက် လုံးဝ ပြီးဆုံးပြီး အခန်းအပ်တဲ့ ပမာဏကို ပေးပြီး ဝယ်ယူတဲ့ အနေအထား ရှိပါတယ်”လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း၊ ၂၀၂၂ ခုနှစ်က စလို့ ထိုင်းနိုင်ငံ ဘန်ကောက် အပါအဝင်၊ ချင်းမိုင်နဲ့ ဖူးကတ် စတဲ့ နေရာတွေမှာ မြန်မာနိုင်ငံသားတွေ ကွန်ဒို ဝယ်ယူမှု တဟုန်ထိုး မြင့်တက်ခဲ့တာပါ။
ထိုင်းနိုင်ငံမှာ ကွန်ဒို အဝယ်များတဲ့ အဓိက အကြောင်းရင်းတွေက အခွန်အခ နည်းတာ၊ ကွန်ဒိုမှာ ပါဝင်တဲ့ Facilities စုံလင်တာ၊ အငှားဈေးကွက် ခိုင်ခိုင်မာမာ ရှိတာ စတဲ့ အချက်တွေကြောင့် အဝယ်များတာလို့ အိမ်ခြံမြေ အရောင်းအဝယ် လုပ်သူတွေက ပြောပါတယ်။
မြန်မာတွေ ဝယ်တဲ့ အိမ်ခန်းဈေးကလည်း ပျမ်းမျှ ၆ ဒသမ ၅ သန်းတောင် ရှိတာကြောင့် တရုတ်နဲ့ ရုရှား ဝယ်လက်တွေထက် ပျမ်းမျှ ဈေးပိုကြီးတဲ့ အခန်းတွေ ဝယ်တာလို့ ဆိုနိုင်ပါတယ်။
ထိုင်းနိုင်ငံ အိမ်ခြံမြေ အရောင်း အေးဂျင့်တဦးက “မြန်မာပြည်က လူတော်တော်များများက ကိုယ့်အိမ် ကိုယ့်ခြံနဲ့ နေရတာ ကြိုက်ကြတာကိုး။ ဒါပေမဲ့ ထိုင်းရောက်လာတဲ့အခါ ကွန်ဒို ဝယ်လိုက်တဲ့အခါ ကွန်ဒို အခန်းနဲ့ ကိုယ့်ဧည့်ခန်းတခန်းစာပဲ ရှိတဲ့နေရာက တခန်းလုံးစာ ဖြစ်နေတာကိုး။ အကျဉ်း အကျယ်တော့ သဘောမကျကြဘူး။ ကွန်ဒိုလို့ ပြောလိုက်တာနဲ့ ရေကူးကန် ပါရမယ်။ Gym ပါရမယ်။ ကားပါကင် ပါရမယ်။ Co-working space ပါရမယ်။ ၂၄ နာရီ လုံခြုံရေး ပါပြီးသားဖြစ်တဲ့အတွက် Facilities တော့ သဘောကျတယ်။ မြန်မာပြည်ကလောက် အိမ်ရာဝင်းတွေလောက် မကျယ်တဲ့အတွက် သိပ်သဘောမကျကြပါဘူး။ ကွာခြားချက်ကတော့ အဲဒါပဲ။ အကျဉ်း အကျယ် ကွာခြားချက်နဲ့ ခြံနဲ့ ဝင်းနဲ့ အိမ်နဲ့ မြေ ဝယ်လို့ မရတာပေါ့။ တော်တော်များများ ကိုယ်ပိုင်အမည်ပေါက်ရချင်တော့ ကွန်ဒို ဝယ်ကြတာ များတာပေါ့”လို့ ပြောပါတယ်။
ထိုင်းမှာ ကွန်ဒိုဝယ်ယူလိုတဲ့ အဓိက အချက်က ပြည်တွင်းရေး မငြိမ်သက်တာနဲ့ စစ်ကောင်စီက စစ်မှုထမ်း ဥပဒေကို ပြန်အသက်သွင်း အတည်ပြုလိုက်တာကြောင့်လို့ ကွန်ဒိုဝယ်ဖို့ စီစဉ်နေတဲ့ ကိုမင်းမင်းက ပြောပါတယ်။
“အဓိကအကြောင်းရင်းကတော့ ပထမတချက်က နိုင်ငံရေး မတည်ငြိမ်လို့ပေ့ါ။ ဒုတိယတချက်က မြန်မာနိုင်ငံရဲ့ စီးပွားရေးကို မယုံလို့။ တတိယတချက်က အခုလို စစ်ဘေးတွေ နေရာဒေသတွေမှာ ဖြစ်နေတဲ့ကာလမှာ ပြောင်းရွှေ့ နေထိုင်ဖို့၊ ဒါမှ မဟုတ် စီးပွားရေးလုပ်ဖို့ ကျောင်းတက်ဖို့ ရည်ရွယ်ချက်တွေနဲ့ အခုနောက်ပိုင်း ဝယ်ယူမှုတွေ ပိုကျယ်ပြန့်လာတာပေါ့။ အဓိကကတော့ ဒီမှာဆိုရင် စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းထားတယ်။ မကြာခင်မှာဆိုရင် မြို့ကြီးတွေမှာ စစ်ဘေးတွေ ရောက်လာနိုင်တဲ့ အနေအထားရှိတယ်။ ဒီလို ရောက်လာနိုင်တဲ့အခါကျရင် ကိုယ့်ကိုယ်ကိုယ် အဆင်ပြေတဲ့နေရာ သွားပြီး နေနိုင်ဖို့အတွက် ဝယ်ယူတာ ဖြစ်ပါတယ်။”
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံမှာ ကွန်ဒိုလာရောက်ဝယ်ယူ ရင်နှီးမြှုပ်နှံကြသူတွေထဲမှာ ငွေကြေးတတ်နိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အငြိမ်းစားနဲ့ လက်ရှိ စစ်ဗိုလ်ချုပ်မိသားစုတွေ၊ ခရိုနီ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ အိမ်ခြံမြေလုပ်ငန်းရှင်တွေ အဓိက ပါဝင်ပါတယ်။
ဇွဲသစ်