ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မတ် ၁၀ ရက် ညနေပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကလေးငယ်တယောက်နဲ့ အမျိုးသမီးတယောက် သေဆုံးပြီး ကလေးငယ်တယောက် ထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီတပ်မကုန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အတွက် ဆိပ်မူကျေးရွာအုပ်စု နန့်မော်ကျေးရွာကို လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ထိခိုက်သေဆုံးခဲ့တာ ဖြစ်ကြောင်း ဒေသခံတဦးက ပြောပါတယ်။
“နန့်မှော်ဘက်ကို ညနေ ၅ နာရီလောက်က လက်နက်ကြီးတွေနဲ့ ပစ်တယ်။ အဲ့ဒါ ရွာထဲကို လက်နက်ကြီးကျည် ကျပြီး ကလေးမလေးတဦး သေတယ်။ နောက်တယောက်က ဒဏ်ရာရတယ်။ အမျိုးသမီးတဦးလည်း သေတယ်။”
ဖားကန့် စစ်ကောင်စီတပ်မကုန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ နန့်မှော်ကျေးရွာက အသက် ၂၈ နှစ်အရွယ် မခင်မာလွင်နဲ့ အသက် ၅ နှစ်အရွယ် မဖူးပွင့်ဝေတို့ သေဆုံးခဲ့ပြီး အသက် ၈ နှစ်အရွယ် မဆောင်းနှင်းဝေဟာ လက်၊ ခြေထောက်နဲ့ ကိုယ်ခန္ဓာမှာ ထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့တဲ့အတွက် ဖားကန့်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပါတယ်။
ဖားကန့်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဖေဖော်ဝါရီ ၂၇ ရက်က မှော်ဝမ်းကျေးရွာက အမျိုးသားတယောက် ထိခိုက်သေဆုံးခဲ့ပြီး နေအိမ်အဆောက်အဦတွေလည်း ပျက်စီးခဲ့ပါတယ်။