Home
မြန်မာသတင်း
ယင်းမာပင်မြို့နယ်၌  ရွာသား ၁ ဦးကို စစ်တပ်က ညှဉ်းပန်းသတ်ဖြတ်
DVB
·
March 11, 2024
Htan Zin village_11032024

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးမြောက်ရွာ (ခေါ်) ထန်းဇင်ရွာကို စစ်ကောင်စီတပ်က မတ်လ ၁၁ ရက် မနက် ၉ နာရီမှာ ဝင်ရောက်ပြီး ပြည်သူတယောက်ကို သတ်ဖြတ်သွားတယ်လို့ ဒေသခံရွာသားတွေဆီကနေ သိရပါတယ်။

အဆိုပါစစ်ကြောင်းဟာ ဘန့်ဘွေးရွာမကနေ ထွက်လာပြီး အသက် ၅၅ နှစ်အရွယ် ရွာသား ဦးဝင်းသိန်းကို  သတ်ဖြတ်သွားတာလို့လည်း သိရပါတယ်။

ဒေသခံရွာသားတဦးက “သူနေတဲ့ တောတဲကနေ နွားသွားကျောင်းဖို့ ထွက်သွားရင်း စစ်ကောင်စီ စစ်ကြောင်းနဲ့ ထိပ်တိုက်တိုးပြီး ဖမ်းဆီးသတ်ခံလိုက်ရတယ်။ သူတို့ ဦးဝင်းသိန်းကို ဖမ်းပြီး ညှဉ်းပန်းနှိပ်စက် ရိုက်နှက်ပြီး ရင်ဘတ်ကို သေနတ်နဲ့တေ့ ပစ်သတ်ထားခဲ့တာဗျ။ အလောင်းတခုလုံး ညိုမဲနေတာပဲဗျ။ နောက်ပြီး နောက်ကျောပွင့်ထွက်ဒဏ်ရာလည်း တွေ့ရတယ်။ အလောင်းကတော့ ကျနော်တို့ရွာသားတွေ သွားကောက်ခဲ့ပြီးပြီ” လို့ ပြောပါတယ်။

ဘန့်ဘွေးမြောက်ရွာ (ခ) ထန်းဇင်ရွာဟာ စစ်ကောင်စီ အထိုင်စခန်းချရာ ဘန့်ဘွေးပျူရွာနဲ့ အနီးဆုံးရွာတရွာဖြစ်ပြီး စစ်တပ်က ရွာကို အကြိမ်ကြိမ်လာရောက်ပြီး ရွာသားတွေကို အနိုင်ကျင့် ဖမ်းဆီးရိုက်နှက်ကာ ပစ္စည်းလုယူတာတွေ လုပ်ဆောင်တာကြောင့် ကျေးရွာအတွင်း မနေရဲဘဲ ‌ရွာသားတွေ နေရပ်စွန့်ခွာနေကြတာ ၂ နှစ်ကျော် ကြာမြင့်နေပြီလို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024