Home
မြန်မာသတင်း
မြန်မာစစ်တပ်ကို လေယာဉ်ဆီရောင်းချမှုပိတ်ပင်ရန် ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှု စတင်
DVB
·
March 11, 2024
Ban Jet Fuel Myanmar_11032024

မြန်မာစစ်တပ်ကို လေယာဉ်ဆီ တင်ပို့ရောင်းချတာနဲ့ သယ်ယူပို့ဆောင်ရေးမှာ အာမခံပေးနေမှုတွေကို ဖြတ်တောက် တားဆီးပိတ်ဆို့ပေးဖို့ တကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှုကို မတ်လ တလလုံး ပြုလုပ်သွားဖို့ ရှိနေပါတယ်။

စစ်ရေးရှုံးနိမ့်မှုတွေ များလာတဲ့ စစ်ကောင်စီက လေကြောင်းကနေ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေမှုက ပိုဆိုးလာနေပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေကလည်း မြင့်တက်လာနေပါတယ်။

အမေရိကန်၊ ယူကေနဲ့ အီးယူနိုင်ငံတွေ အပါအဝင် တချို့ အာဆီယံနိုင်ငံတွေကို ဦးတည် တောင်းဆိုသွားမယ့် တကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှုတရပ်ကို ပြုလုပ်မှာဖြစ်တယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ရဲ့ သုတေသနအဖွဲ့ ဦးဆောင်သူတဦးဖြစ်တဲ့ ကိုပိုင်သုတက ပြောပါတယ်။

“စစ်တပ်က မြေပြင်မှာ သူ့ရဲ့ အာဏာသက်ရောက်မှုက သိသိသာသာ လျော့နည်းလာတဲ့ အချိန်မှာ လေကြောင်းကိုအားပြုပြီး တိုက်ခိုက်ရေးတွေ၊ စစ်ဆင်ရေးတွေ လုပ်တယ်ပေါ့။ ဒါတွေကို ရပ်တန့်နိုင်ဖို့ဆိုရင် အရေးကြီးတာက စစ်တပ်ကိုရောက်ရှိနေတဲ့ လေယာဉ်ဆီ ဖြတ်တောက်ရေးက အရမ်းအရေးကြီးတယ်ပေါ့။ ဒီတော့ ၂၀၂၄ မှာ လေယာဉ်ဆီကို အဓိကထား ဖြတ်တောက်ပေးဖို့ ဦးတည်ပြီးတော့ လှုပ်ရှားနေတာ ဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံတကာအစိုးရတွေကို ပစ်မှတ်ထားတယ်၊ စစ်တပ်ကို ဒီလေယာဉ်ဆီတွေ ရောက်ရှိနေတာကို ရပ်တန့်ပေးဖို့၊ ဆန်ရှင်တွေချပေးဖို့၊ ရေကြောင်းအာမခံပေးနေတဲ့ ကုမ္ပဏီတွေကို တားဆီးပေးဖို့ပေါ့၊ စတဲ့လုပ်ဆောင်မှုတွေကို တောင်းဆိုသွားမှာဖြစ်တယ်။”

အာမခံမရှိဘဲနဲ့ လေယာဉ်ဆီတင်ပို့လို့ မရတဲ့အတွက် အာမခံကုမ္ပဏီတွေက မြန်မာနိုင်ငံကို လေယာဉ်ဆီတင်ပို့မှုမှာ အဓိကကျတဲ့ အစိတ်အပိုင်းတခုလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို လေယာဉ်ဆီတင်ပို့တဲ့ သင်္ဘောတွေကို P&I (Protection and Indemnity- ရေကြောင်းအကာအကွယ်နဲ့ လျော်ကြေး) အာမခံပေးနေတဲ့ ကုမ္ပဏီ ၅ ခု ရှိနေတာ ဖြစ်ပါတယ်။

တကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာတဲ့ အသံအဖွဲ့အနေနဲ့ကလည်း တဦးတယောက်ချင်းရော အဖွဲ့အစည်းအနေနဲ့ပါ နည်းလမ်းပေါင်းစုံမှာ ပူးပေါင်းပါဝင် တောင်းဆိုသွားမှာဖြစ်တယ်လို့ အသံအဖွဲ့ရဲ့ ဒါရိုက်တာ Ma Zee Pe က ပြောပါတယ်။

“ကျမအနေနဲ့ကတော့ လူထုလှုပ်ရှားမှုကို ယုံကြည်တယ်ပေါ့။ လူထုကနေလာတဲ့ အင်အားတွေ လှုပ်ရှားမှုတွေကပဲ ကျမတို့ တဖြည်းဖြည်းနဲ့ တရွေ့ရွေ့လာခဲ့တာ အခုဆိုရင် ခရီးရောက်သင့်သလောက် ရောက်လာပြီပေါ့။ ဆန်ရှင်တွေလည်း နိုင်ငံတွေ အများကြီးကနေ လုပ်လာပြီး ရလဒ်တွေလည်း အများကြီး တွေ့ရတယ်ပေါ့။ အခုကာလမှာလည်း ကျမတို့ ပြည်သူ့အင်အားနဲ့ပေါ့ ထုတ်ဖော်မှုတွေကတဆင့် ကြီးမားတဲ့ရလဒ် ရမယ်လို့ ကျမအနေနဲ့ ယုံကြည်ပါတယ်။”

၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်တုန်းကလည်း အမေရိကန်အစိုးရက လေယာဉ်ဆီတင်ပို့ရေး၊ သိုလှောင်ရေးနဲ့ သယ်ယူပို့ဆောင်ရေး လုပ်ပေးနေတဲ့ မြန်မာနိုင်ငံအခြေစိုက် ကုမ္ပဏီ ၃ ခုကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ပါသေးတယ်။

လေယာဉ်ဆီဖြတ်တောက်ရေး ကမ်ပိန်းမှာ ပြည်သူတဦးချင်းစီ ပါဝင်နိုင်မယ့် ဓာတ်ပုံကမ်ပိန်း၊ ကွန်မန့်ကမ်ပိန်း၊ လက်မှတ်ထိုးရတဲ့ အွန်လိုင်းကမ်ပိန်းတွေကို မတ်လ ၁၀ ရက်ကနေ ၁၂ ရက်အထိ ပြုလုပ်သွားမှာဖြစ်ပြီး အဖွဲ့အစည်းတွေ ပါဝင်နိုင်မယ့် အိတ်ဖွင့်ပေးစာ ကိုယ်တိုင်ပေးပို့တာတွေနဲ့ မြေပြင်လှုပ်ရှားမှုတွေကို မတ်လတလလုံး လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ကိုပိုင်သုတက “တကယ်ကို စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေမှာ တောက်လျှောက်စစ်တပ်က နေ့စဉ်နဲ့အမျှပေါ့ လေယာဉ်နဲ့ လေကြောင်းကို အားပြုပြီးတော့ တိုက်ခိုက်နေတာတွေ ရှိတယ်ဆိုတဲ့အတွက် ဒီလှုပ်ရှားမှုမှာ ပါဝင်ပြီး စစ်တပ်ရဲ့ ရက်စက်မှုတွေကို ရပ်တန့်ဖို့ရန်အတွက် ကျနော်တို့ ပါဝင်ကြဖို့ တိုက်တွန်းတယ်။ ပါဝင်ကြဖို့လည်း အရမ်းအရေးကြီးပါတယ်”လို့ တိုက်တွန်းပြောပါတယ်။

လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေကို လေ့လာတဲ့  ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့  အစီရင်ခံစာအရ ၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၃ ဒီဇင်ဘာလအထိ လေကြောင်းတိုက်ခိုက်မှု အရေအတွက်ဟာ အကြိမ် ၁,၆၅၀ ကျော်ရှိပြီး သေဆုံးသူ စုစုပေါင်း ၁၀၀၀ နီးပါး၊ ဒဏ်ရာ ရရှိသူ စုစုပေါင်း ၉၀၀ နီးပါးနဲ့ ဖြစ်ကြောင်းသိရပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပျက်စီးသွားတဲ့ ဆေးရုံစုစုပေါင်း ၃၀၊ စာသင်ကျောင်း ၇၅ ကျောင်း ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် ပြီးခဲ့တဲ့ ၂ လ အတွင်းမှာလည်း ရာနဲ့ချီတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013