တရုတ်စစ်တပ်ဟာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းနားမှာ ပျမ်းမျှ တပတ်ဆယ်ရက်တိုင်း တိုက်ဖို့အသင့် ပူးတွဲကင်းလှည့်တာတွေ လုပ်နေပြီး ထိုင်ဝမ်နားမှာ စစ်ရေးလေ့ကျင့်တာတွေ ပုံမှန်လုပ်ဖို့ ကြိုးစားနေတယ်လို့ ထိုင်ဝမ်ရဲ့ ထိပ်တန်း လုံခြုံရေးအရာရှိက လွှတ်တော်ကို မတ်လ ၁၁ ရက်မှာ ပြောလိုက်ပါတယ်။
တရုတ်ပြည်မကြီးအစိုးရဟာ စစ်လေယာဉ် ၁၀ စီးလောက်နဲ့ ရေတပ်သင်္ဘော ၃၊ ၄ စီးကို ထိုင်ဝမ်ကျွန်းနားမှာ ပူးတွဲကင်းလှည့်ဖို့ အများအားဖြင့် စေလွှတ်ရင်း ထိုင်ဝမ်ကို ဖိအားပေးဖို့ သတင်းအချက်အလက် အမှားတွေ ဖြန့်တာနဲ့ စီးပွားရေး အကျပ်ကိုင်တာတွေ အပါအဝင် စစ်မျက်နှာပေါင်းစုံ တပြိုင်တည်း ဖွင့်နေတယ်လို့ ထိုင်ဝမ် အမျိုးသားလုံခြုံရေးဗျူရို ညွှန်ချုပ် ချိုင်မင်းယန်က ပြောပါတယ်။
တရုတ်က ကျူးကျော်စစ် ဆင်နွှဲတော့မှာလား၊ ထိုင်ဝမ်ရေလက်ကြားမှာ တင်းမာမှုတွေ သိသိသာသာ တိုးလာနေသလားဆိုတာ နိုင်ငံတကာ မိတ်ဖက်တွေနဲ့ ထိုင်ဝမ်အစိုးရက နီးနီးကပ်ကပ် ဆွေးနွေးနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
တရုတ်ပြည်မကြီးအစိုးရဟာ ထိုင်ဝမ်နားမှာ စစ်ရေးလှုပ်ရှားမှုတွေကို လတ်တလော နှစ်တွေအတွင်း ပိုတိုးပြီး လုပ်ဆောင်နေပါတယ်။
ထိုင်ဝမ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးဇုန်တွေထဲကို နေ့တိုင်းနီးပါး ကျူးကျော်ဝင်ရောက်နေပြီး လေတပ်၊ ရေတပ်တွေနဲ့ စစ်ရေးလေ့ကျင့်တာ အပါအဝင် တိုက်ခိုက်ဖို့ အသင့်အနေအထားနဲ့ ကင်းလှည့်တာတွေကို ပုံမှန်ဆောင်ရွက်နေပါတယ်။
ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းကို သူတို့ပိုင်တယ်လို့ တရုတ်ပြည်မကြီး အစိုးရက အခိုင်အမာ ပြောနေပြီး ထိုင်ဝမ်ကတော့ အခိုင်အမာ ငြင်းပယ်ထားပါတယ်။
Source/Photo-Reuters