Home
မြန်မာသတင်း
သင်္ကန်းညီနောင်တွင် ဖုန်းလိုင်းများ ဖြတ်ခံထားရပြီး ဒေသခံအချို့ မြို့တွင်းပိတ်မိနေ
DVB
·
March 11, 2024
ThinGanNyiNaung cutout LandLine_11032024

ကရင်‌ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်မြို့မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပြီး မြို့တွင်းပိတ်မိနေသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သင်္ကန်းညီနောင်မြို့သစ်မှာ KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်သားတွေ မတ် ၇ ရက်ကတည်းက တိုက်ပွဲဖြစ်ပွားနေပြီး ဒီနေ့ မတ် ၁၁ ရက်နေ့မှာ စစ်ကောင်စီဘက်က အင်တာနက်လိုင်းတွေ ဖြတ်တောက်လိုက်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဒီမနက်မှ သင်္ကန်းညီနောင်ဘက်ကို ဖုန်းလိုင်းဖြတ်လိုက်တာ။ မြဝတီဘက်ကတော့ ခုထိ သုံးလို့ရတုန်းပါပဲ။ အဲဒီကထွက်လာမယ့်သူတွေကို သွားကြိုဖို့တောင် အဆက်အသွယ်လုပ်လို့ မရတော့ဘူး။ တိုက်ပွဲတွေဖြစ်တာနဲ့ သူတို့လုပ်နေကျအတိုင်း ဆက်သွယ်ရေးတွေ ဖြတ်တောက်တာပဲ။”

စစ်ကောင်စီက ဖုန်းလိုင်းဖြတ်တောက်သွားတာကြောင့် မြို့တွင်းပိတ်မိနေသူတွေအတွက် အစားအသောက် အခက်အခဲနဲ့ တခြားစိုးရိမ်ဖွယ်ရာ အခြေအနေတွေ ရှိတယ်လို့ မြဝတီ ဒေသခံတဦးက ပြောပါတယ်။

“သင်္ကန်းညီနောင်ထဲမှာ တချို့က ထွက်ဖို့ အသိမရှိတာကနေ ပိတ်မိသွားတဲ့သူတွေ ရှိသလို တချို့ကျတော့လည်း ကိုယ့်အိမ်ကို စိတ်မချလို့ နေခဲ့တဲ့သူတွေလည်း ရှိတယ်။ ခုတော့ ဖုန်းအဆက်အသွယ်မရတော့ အခုအခြေအနေကို မသိသေးဘူး။ ညကထိတော့ လေယာဉ်နဲ့ နေ့တိုင်းလာပစ်နေတယ်လို့ ပြောတယ်။ ကြာရင် ထွက်ရခက်မှာလည်း စိုးရိမ်နေတယ်။ ကုန်သွယ်ရေးဇုန်ဘက်မှာလည်း တော်တော်များများ မရှိတော့ဘူး။ စစ်ရှောင်တွေကို မြို့ထဲက ကားတွေလွှတ်ပြီး ဇုန်ဘက်မှာ သွားကြိုခိုင်းရတယ်။”

မြဝတီမြို့ စိမ်းလဲ့မြိုင် ကားကွင်းအကျော်က ကျောက်ခွဲစက်နားမှာ မတ် ၁၀ ရက် ညပိုင်းကလည်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေယာဉ်နဲ့ ၄ ကြိမ်‌ထက်မနည်း ဗုံကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သင်္ကန်းညီနောင်မြို့သစ် ပတ်ဝန်းကျင်နားမှာ ပြီးခဲ့တဲ့ မတ် ၇ ရက်ကတည်းက KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ‌ ဖြစ်နေတာကြောင့် သင်္ကန်းညီနောင် မြို့သစ်ရှိ ပြည်သူ ၁,၀၀၀ ကျော် မြဝတီမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024