Home
နိုင်ငံတကာ
ဟေတီရှိ အမေရိကန်သံရုံး လုံခြုံရေးအတွက် အင်အားဖြည့်တင်း
DVB
·
March 11, 2024
USEmbassy in Haiti_11032024

ဟေတီနိုင်ငံက ဒါဇင်ချီတဲ့ လက်နက်ကိုင် ဂိုဏ်းသားတွေက မြို့တော် ပို့ထ်အောပရင့်စ်က နိုင်ငံရေးရပ်ကွက်ကို သိမ်းပိုက်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

ဒီနောက် အမေရိကန်စစ်တပ်က ဟေတီနိုင်ငံအတွင်း မရှိမဖြစ်မဟုတ်တဲ့ သံရုံးဝန်ထမ်းတွေကို လေကြောင်းစစ်ဆင်ရေးနဲ့ ပြန်ခေါ်ထုတ်ခဲ့ကာ သံရုံးလုံခြုံရေးကို အားကောင်းစေဖို့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ဖြည့်တင်းခဲ့ပါတယ်။

ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း သူ့သံအမတ်ကြီးနဲ့အတူ တခြား ဥရောပသမဂ္ဂ (အီးယူ) ရဲ့ အဖွဲ့ဝင်နိုင်ငံတွေက သံရုံးကိုယ်စားလှယ်တွေဟာ ဒိုမီနီကန်သမ္မတနိုင်ငံဆီ တနင်္ဂနွေနေ့မှာ ပြောင်းရွှေ့ခဲ့တယ်လို့ ပြောပါတယ်။

ဟေတီလူဆိုးဂိုဏ်းတွေဟာ ဖေဖော်ဝါရီ ၂၉ ရက်မှာ အစိုးရကိုဖြုတ်ချဖို့ ထိုးစစ်စတင်ခဲ့ပြီး ရဲစခန်းတွေ၊ အကျဉ်းထောင်တွေနဲ့ ဆေးရုံတွေကို ဝင်ရောက်စီးနင်းခဲ့သလို ဆိပ်ကမ်းနဲ့ လေဆိပ်အပါအဝင် ဗျူဟာမြောက်နေရာတွေကို ဝိုင်းရံထားကြပါတယ်။

ပုန်ကန်မှုစတင်ချိန်မှာ ဝန်ကြီးချုပ် အေရီရယ် ဟင်နရီဟာ ပွာတိုရီကိုနိုင်ငံမှာ သောင်တင်နေခဲ့ပြီး သူ့ရဲ့ လူကြိုက်မများတဲ့ အစိုးရဟာ အချိန်မရွေး ပြုတ်ကျသွားနိုင်တယ်လို့ အမေရိကန်အရာရှိတဦးက ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ သတိပေးခဲ့ပါတယ်။

ကာရစ်ဘီယံနိုင်ငံတွေရဲ့ မဟာမိတ်အဖွဲ့ CARICOM က ဟေတီနိုင်ငံထဲက အကြမ်းဖက်မှုတွေအကြောင်းနဲ့ အကူအညီတွေပေးဖို့ နည်းလမ်းတွေကို ဆွေးနွေးဖို့ ဂျမေကာနိုင်ငံမှာ တွေ့ဆုံကြရေး အမေရိကန်၊ ပြင်သစ်၊ ကနေဒါနဲ့ ကုလသမဂ္ဂတို့က သံတမန်တွေကို ဆင့်ခေါ်ထားပါတယ်။

တနင်္ဂနွေနေ့မှာ ဂိုင်ယာနာနိုင်ငံရဲ့ ဒုတိယသမ္မတ ဘားရတ် ဂျာဒီယိုက ဟေတီပြည်သူတွေ ယုံကြည်မှုတချို့ ပြန်ရဖို့နဲ့ တရားဥပဒေ ပြန်စိုးမိုးရေး ကြိုးစားဖို့ နိုင်ငံတွေက နည်းလမ်းရှာမယ်လို့ ပြောပါတယ်။

“ရာဇဝတ်ကောင်တွေက အခု တိုင်းပြည်ကို သိမ်းပိုက်သွားပြီ။ အစိုးရမရှိဘူး၊ အဲဒါက မအောင်မြင်တဲ့ လူ့အဖွဲ့အစည်း ဖြစ်လာနေတယ်” လို့လည်း သူက ပြောခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013