ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ဖလူးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက မတ်လ ၁၁ ရက် ညနေပိုင်းမှာ တိုက်ခိုက် သိမ်းပိုက်လိုက်တယ်လို့ ကေအန်ယူနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်ကနေ သိရပါတယ်။
ဖလူးစခန်းသိမ်းတိုက်ပွဲကို ဒီနေ့ ညနေ ၄ နာရီလောက်မှာ KNLA ပူးပေါင်းအဖွဲ့က စတင်ခဲ့တာဖြစ်ပြီး ဖလူးကြီးအနောက်ဘက် လက်နက်ကြီးကုန်းနဲ့ ဆွယ်တော်ကုန်းကိုလည်း KNLA တပ်တွေက တပြိုင်တည်း စတင် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
မြဝတီခရိုင်အတွင်း မတ်လ ၈ ရက်ကတည်းက တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး စစ်ဘေးရှောင်တွေဟာ မြဝတီမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနဲ့ တခြားနေရာတွေမှာ ရောက်ရှိ ခိုလှုံနေကြတာဖြစ်ပါတယ်။
တိုက်ပွဲကြောင့် စစ်ရှောင်ဒုက္ခသည်တွေဟာ ဘားအံ၊ လှိုင်းဘွဲ၊ မြဝတီဒေသရှိ ဒေါနတောင်တန်း တောတွင်းတွေမှာ ပုန်းခိုနေသူတွေရှိသသို အဆင့်ဆင့်ရှောင်တိမ်းပြီး အခုအချိန်ထိ ထိုင်းနိုင်ငံ မဲဆောက်၊ ဖုတ်ဖ၊ မယ်လမတ်၊ အုန်းဖန်၊ တာဆောင်ယမ်းမြို့တွေမှာ ရောက်ရှိခိုလှုံနေကြပါတယ်။
သင်္ဃန်းညီနောင်တိုက်ပွဲရက်ကြာလာတဲ့အတွက် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မတ်လ ၉ ရက်က ထိုင်းစစ်တပ်မှ လုံခြုံရေးတွေ တိုးမြှင့်တင်းကျပ်ချထားတယ်လို့ AEC ထိုင်းသတင်းမှာ ဖေါ်ပြပါတယ်။