Home
မြန်မာသတင်း
ထီးချိုင့်မြို့နယ်၌ ဖမ်းဆီးခံထားရသည့် ဒေသခံ ၆၀ ကျော် ပြန်မလွတ်သေး
DVB
·
March 11, 2024
Htee Chaik SAC destroyed_11032024

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နဲ့ အနီးတဝိုက် ကျေးရွာတွေက နယ်မြေအေးချမ်းပြီ ထင်ပြီး နေအိမ်ပြန်တဲ့ အမျိုးသမီးတွေ အပါအဝင် ဖမ်းဆီးခံထားရတဲ့ ဒေသခံအယောက် ၆၀ ထဲက အများစုကို တလကျော်ကြာတဲ့အထိ စစ်တပ်က ပြန်လွှတ်မပေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁ ရက်က ထီးချိုင့်နဲ့ ၂ မိုင်လောက်ပဲ ဝေးတဲ့ ဇီးကုန်းကျေးရွာ၊ ပိတောက်လှကျေးရွာတွေက ဒေသခံတွေဟာ နယ်မြေအေးချမ်းပြီ ထင်ပြီး စစ်ရှောင်နေတဲ့ နေရာတွေကနေ ကျေးရွာတွေထဲကို ပြန်ဝင်ခဲ့ကြတာလို့ သိရပါတယ်။

ထီးချိုင့်မြို့နယ် ပကဖအဖွဲ့ဝင်တဦးက “စုစုပေါင်း ၆၀ လောက်။ အေးလောက်ပြီဆိုပြီး ကိုယ့်နေရာ သူ့နေရာလေးတွေ ပြန်ပြီး ကြည့်ကြတဲ့သူတွေပေါ့။ အဲဒီအထဲက သက်ကြီးရွယ်အိုတွေ လွှတ်ပေးလိုက်ပြီး လူငယ်တွေ၊ ခိုင်းလို့ရတဲ့ အရွယ်တွေ အကုန်ဖမ်းထားသေးတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

ရွာတွေက များပြားပြီး ဖမ်းဆီးခံထားရတဲ့ စာရင်းအတိအကျကို မသိရဘူးလို့လည်း ဆိုပါတယ်။ ဖမ်းဆီးထားတဲ့သူတွေကို ထီးချိုင့်မြို့အတွင်းက စစ်တပ် တပ်စွဲထားတဲ့ မြသိန်းတန်တောင်ပေါ်ကို ခေါ်သွားကြောင်း သတင်းရပြီး နောက်ဆက်တွဲ သတင်းပျောက်နေဆဲလို့ သိရပါတယ်။

ထီးချိုင့်မြို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က တော်လှန်ရေးတပ်တွေက မြို့သိမ်းတိုက်ပွဲ စတင်ခဲ့ပြီးနောက် စစ်တပ်က နေ့စဥ် လေကြောင်းတိုက်ခိုက်နေပြီး မြို့ရဲ့ အဆောက်အဦ ၉၈ ရာခိုင်နှုန်းခန့် ပျက်စီးနေသလို လေကြောင်းပစ်ခတ်မှုကြောင့် ပြည်သူ ၁၂၀ ကျော်လည်း သေဆုံးထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013