Home
နိုင်ငံတကာ
ရာဖာမြို့ကို ထိုးစစ်ဆင်မည်ဟု အစ္စရေးဝန်ကြီးချုပ် ပြော
DVB
·
March 11, 2024
netanyahu_11032024

ပါလက်စတိုင်းအများစုရဲ့ နောက်ဆုံးခိုလှုံရာ ဂါဇာကမ်းမြောင်တောင်ပိုင်းက ရာဖာမြို့ကို ဆက်လက်ထိုးစစ်ဆင်ဖို့ ရည်ရွယ်ထားတယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက POLITICO ဒစ်ဂျစ်တယ်သတင်းစာနဲ့ မတ်လ ၁၀ ရက်က အင်တာဗျူးမှာ ပြောပါတယ်။

ရာဖာကို မြေပြင်ထိုးစစ်ဆင်တာဟာ နောက်ဆုံး သတ်မှတ်စည်းကို ကျော်တဲ့သဘော ဖြစ်သွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သတိပေးထားပေမဲ့ အလေးမထားတဲ့သဘော နေတန်ယာဟုက တုံ့ပြန်ခဲ့ပါတယ်။

ဘိုင်ဒင်က ရာဖာမှာ ပဋိပက္ခဆက်ဖြစ်မှာကို ဆန့်ကျင်ကြောင်း၊ နောက်ထပ် ပါလက်စတိုင်း ၃၀,၀၀၀ လောက် ထပ်သေမှာကို လက်မခံနိုင်ကြောင်း မတ်လ ၉ ရက်က MSNBC နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေကလည်း ဂါဇာ လူဦးရေ ၂ ဒသမ ၃ သန်းမှာ ထက်ဝက်လောက် နေထိုင်နေတဲ့ အီဂျစ်နယ်စပ်က ရာဖာမြို့ကိုသာ အစ္စရေးက မြေပြင်ထိုးစစ်ဆင်မယ်ဆိုရင် အရပ်သားသေဆုံးမှု အကြီးအကျယ် ဖြစ်သွားနိုင်တယ်လို့ သတိပေးထားပါတယ်။

ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးကလည်း “လူသားကပ်ဘေးကြီး” ဖြစ်သွားမယ်လို့ သတိပေးထားပါတယ်။

ဒါပေမဲ့ နေတန်ယာဟုကတော့ သူ့အတွက် နောက်ဆုံးသတ်မှတ်စည်းဆိုတာ အောက်တိုဘာ ၇ တိုက်ခိုက်မှုမျိုး ထပ်မဖြစ်ဖို့ဖြစ်ပြီး အဲဒီလို ဘယ်တော့မှ မဖြစ်အောင် လုပ်သွားမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက်က အစ္စရေးနယ်မြေထဲ ဟားမတ်စ်တွေ ဝင်ရောက် ပစ်ခတ်ခဲ့မှုကြောင့် လူ ၁,၁၆၀ သေဆုံးခဲ့တဲ့ဖြစ်စဉ်ကို ရည်ညွှန်းပြီး ဝန်ကြီးချုပ်က တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဟားမတ်စ်အဖွဲ့ရဲ့ လေးပုံသုံးပုံလောက်ကို ရှင်းပြီးပြီဖြစ်တာကြောင့် နောက်လေးပတ်ကနေ ခြောက်ပတ်အတွင်းမှာ တိုက်ခိုက်မှုတွေ အဆုံးသတ်နိုင်တော့မယ်လို့ နေတန်ယာဟုက ပြောပါတယ်။

ရာမာဒန်ဥပုသ်လ အပစ်ရပ်ပေးဖို့ တောင်းဆိုမှုတွေနဲ့ ပတ်သက်လို့လည်း ဓားစာခံတွေ လွှတ်ပေးတာမရှိဘဲ ရပ်ပေးစရာ အကြောင်းမရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024