မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ကဘဲကျေးရွာအနီး၊ စစ်ကိုင်း-မြစ်ငယ်ကားလမ်းမရှိ အာရှစွမ်းအင်ဆီဆိုင်မှာ မတ် ၁၀ ရက် ညနေ ၅ နာရီ မိနစ် ၂၀ လောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူ ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရရှိကာ ဆီသယ်ယာဥ် ၂ စီး ပျက်စီးခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်က ပြောပါတယ်။
မီးလောင်မှုဟာ ဆီဆိုင်ကို ဆီလာပို့တဲ့ ဂါလန် ၉၃၀၀ ဆံ့ ဆီဘောက်ဆာယာဉ်ကနေ ဆီသိုလှောင်ကန်ကို ဖြည့်သွင်းနေရင်း မီးပွားစင်ကာ ဆီဆိုင်အဆောက်အဦကိုပါ မီးကူးစက်ရာမှ ဘေးနားက ဆီသယ်ယာဉ်ကိုပါ ကူးစက်လောင်ကျွမ်းခဲ့တာပါ။
မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တဦးက “စစချင်း Level 1၊ အဲ့ကနေ Level 2 ဆင့်ခေါ်ငြှိမ်းသတ်တာပါ။ စလောင်တာက ဆီဘောက်ဆာကနေ ဆီချရင်း လောင်တာ။ သိုလှောင်ကန်ဘက်က အဆောက်အဦ ခေါင်မိုးအထိ မီးကူးတယ်။ ဘေးက နောက်တစီးကိုပါ ဆက်လောင်သွားတာ။ သေဆုံး အမျိုးသား ၁ ဦး၊ ဒဏ်ရာရ ၁ ဦး ရှိတယ်။ ကျန်တဲ့အသေးစိတ်က စစ်ဆေးနေဆဲပါ” လို့ ပြောပါတယ်။
မီးလောင်မှုအတွင်း ဆီဆိုင်မှာ ရှိနေတဲ့ အမျိုးသား ၁ ဦး သေဆုံးသွားခဲ့ပြီး မီးသတ်ယာဉ်ပေါ်က ပြုတ်ကျတဲ့ အသက် ၂၀ ကျော်အရွယ် မီးငြှိမ်းသတ်ရေးအဖွဲ့ဝင် ၁ ဦးမှာ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပါတယ်။
မြို့ခံလူမှုကူညီရေးအသင်းဝင်တဦးက “မြစ်ငယ်လမ်း ကျောက်စိမ်းဘုရားနားက အာရှစွမ်းအင် ဆီဆိုင်မှာ။ ကား ၂ စီး ပါသွားတယ်။ တိုင်းမီးသတ်က Level 2 လောက်အထိ ခေါ်တယ်။ ဖိုက်တာယာဉ်ပေါ်က ပြုတ်ကျတဲ့ မီးသတ် ၁ ဦးတော့ အစိမ်းရောင် (မစိုးရလူနာ) ပါ” လို့ ပြောပါတယ်။
မီးလောင်မှုနေရာကို အမရပူရမီးသတ်နဲ့ ထိစပ်မြို့နယ်တို့က Level 1၊ Level 2 အဆင့် မီးငြှိမ်းသတ်ရေးယာဥ်၊ တပ်ဖွဲ့ဝင်တွေနဲ့ အရပ်ဘက်အသင်းတွေက လာရောက်ငြှိမ်းသတ်ခဲ့ကြပါတယ်။
ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကို အမရပူရမြို့နယ်မီးသတ်က စစ်ဆေးတွက်ချက်နေဆဲဖြစ်ပြီး Level 2 အဆင့် မီးငြှိမ်းသတ်ရေးအဖွဲ့တွေ လာရောက်ငြှိမ်းသတ်ခဲ့လို့ ညနေ ၆ နာရီ မိနစ် ၂၀ လောက်မှာ မီးငြိမ်းသွားပါတယ်။
ပြီးခဲ့တဲ့ မတ် ၄ ရက် ညနေ ၃ နာရီ ၅၈ မိနစ်ကလည်း ချမ်းမြသာစည်မြို့နယ်၊ ၄၈ လမ်း × ၄၉ လမ်း မနော်ဟရီလမ်းရှိ လိုတရဆီဆိုင်မှာ Level 1 အဆင့်မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ် ၃ စီးနဲ့ Lexus LX 570 အိမ်စီးကား ၁ စီး ပျက်စီးခဲ့ပါတယ်။
ဓာတ်ပုံ - မန္တလေးတိုင်းမီးသတ်