Home
ဆောင်းပါး
တပ်ပြေး ကြင်စိုး
DVB
·
March 11, 2024
Satire_PhayGyi_11032024

(က)

ဒီနေ့ အဘစောမူးသာတို့အိမ် ရေနွေးကြမ်းဝိုင်းက အိမ်ပေါ်မှာပါ။ မြို့တွေပေါ်မှာတော့  ပူနေပြီထင်တယ်။ ဒီရွာကလေးမှာတော့ အေးနေတုန်းပါပဲ။ မြေပဲနိုင်းချင်း အုန်းသီး‌ကြော်များများနဲ့ ထမနဲပူပူလေးကို စားရင်း ရေနွေးပူပူလေးကို မှုတ်မှုတ်သောက်ရတာ ကောင်းပ။

စကားပြောနေကြရင်းကနေ အဘစောမူးသာက TV ဖွင့်လိုက်ပါ၏။ ပြီးတော့ လိုင်းများကို ဟိုရွှေ့ ဒီပြောင်း လုပ်ရင်းကနေ ‘မြဝတီ’ ချန်နယ်ကိုရောက်တော့ ဖွင့်ထားပါလေ၏။ စိမ်းသရဖူစိမ်း အဘစိမ်းမောင်တာ့ အကြိုက်တွေ့သွားမှာပေါ့လေ။ သူက မြဝတီကို အသေအချာ အားပေးနေပါ၏။

အဘစောမူးသာက စစ်ပြန်ကြီး အဘလုံးတုံးနဲ့ ဖေကြီးကို အဓိပ္ပာယ်ပါပါ လှမ်း၍ ပြုံးပြပါလေရာ ကျွန်ုပ်တို့မှာ ရင်ခုန်စွာ စောင့်စားနေကြရပါလေတော့၏ ခင်ဗျာ။ အဘစိမ်းမောင်က အံ့သြစွာ ပြောပါလေ၏။

“မင်း ‘မြဝတီ’ တို့ ‘MRTV’ တို့ လုံးဝမကြည့်ဘူးလို့ ပြောခဲ့တာ၊ အခုတော့လည်း ‘သတင်းမှန်တွေ’ ကြည့်ချင်လာပြီကိုး။”

“ဟားဟား ဟားဟား ဟားဟား . . . သဘောကျသကွာ စိမ်းမောင်ရာ။”

“ဒီလိုပဲ ဖြစ်ရမှာပေါ့ မူးသာရ၊ ဟ ဟ ဟ။”

“အေးကွ . . . သတင်းမှန်လို့တော့ ကြည့်တာမဟုတ်ဘူးကွ၊ သူတို့ ဘယ်လိုတွေများ လိမ်အုံးမယ် ညာအုံးမယ် ဆိုတာကို လေ့လာပြီး အကဲခတ်တဲ့သဘောကွ စိမ်းမောင်ရ။”

“ဟေ . . .”

အဘစောမူးသာက ကျွန်ုပ်တို့အား ပြုံးစိပြုံးစိ လုပ်ပြပါလေ၏။ အဘစိမ်းမောင်ကား နှုတ်ဆိတ်သွားပါ၏။ အဘစောမူးသာက “ဒါပေမဲ့လည်းကွာ ဒီရက်တွေထဲမှာ မင်းတို့ ကိုးကွယ်တော်မူနေတဲ့ ကြင်စိုး သာဝ မအလ ကြီးရဲ့ မိန့်ခွန်းတွေကိုလည်း ကြည့်ချင်လို့ ဆိုပါတော့ကွာ” ဟု ဆိုလေရာ အဘစိမ်းမောင် ရင်ချောင်သွားပုံရပါလေ၏။

“အေးကွ မူးသာရ . . . ဒီရက်တွေထဲမှာ နစကဥက္ကဋ္ဌကြီး မိန့်ခွန်းတွေ ပြောနေတာ ငါလည်း ကြည့်ဖြစ်တယ်ကွ။”

“ထူးခြားတာတွေ့လား စိမ်းမောင်”

“ဘယ်လိုထူးခြားတာကို ပြောတာလဲ”

အခုနောက်ပိုင်း အစည်းအဝေးတွေ အခမ်းအနားတွေမှာ မအလကြီး လူကိုယ်တိုင် တက်ရောက်ပြီး မိန့်ခွန်းတွေမခြွေတော့ကြောင်း၊ ကြိုတင်၍ ဗွီဒီယိုရိုက်ထားကာ အခမ်းအနားတွေမှာ ဖွင့်ပြပါကြောင်း အဘစောမူးသာက သုံးသပ်လာလေရာ အဘစိမ်းမောင်က ဤသို့ မှတ်ချက်ပေးလာပါ၏။

“သူက တိုင်းပြည်မှာ အကြီးဆုံးနဲ့ အလုပ်အများဆုံးလူဆိုတော့ ဘယ်အားမလဲကွာ၊ ဒီလိုပဲ ဗွီဒီယိုနဲ့ ပြပေးရမှာပေါ့။”

“မင်းတို့အဘ မအလကြီးက အခမ်းအနားတွေကိုလာဖို့ ဘယ်အားမလဲကွ၊ အိမ်မှာ အားကစား လေ့ကျင့်နေရတာကိုးဟ။”

“မ အ လ . . . အဲ . . . နစကဥက္ကဋ္ဌကြီးက ဘာအားကစားတွေ လေ့ကျင့်နေလို့လဲ။”

“ငါကြားရသလောက်တော့ သူ အပြင်ကိုမထွက်ရဲတော့ဘဲ အိမ်မှာပဲ ‘အပြေး’ လေ့ကျင့်နေတယ်လို့ သိရသကွ စိမ်းမောင်ရ။”‌

“ဟေ . . . . . .”

“လုပ်ကြံခံရမှာ တွေးလန့်နေပြီး အခုတော့ အသက်လုပြီး ပြေးဖို့အတွက် သူ့ရဲ့ နောက်ဆုံးရက်တွေမှာ ‘အပြေး’ ကျင့်နေတာပါတဲ့ဗျား။”

“ဝါး . . ဟားဟား ဟားဟား ဟားဟား”

(ခ)

အဘစိမ်းမောင်ကား တိတ်နေကာ ပြတင်းပေါက်မှနေ၍ ခြံဝန်းကျယ်ကြီးထဲရှိ သစ်ပင်အုပ်သို့ ငူငူကြီး ငေးနေပါလေ၏။ အဘစောမူးသာက ကျွန်ုပ်နှင့် အဘလုံးတုံးတို့အား ပြုံးစပ်ပြုံးစပ်ဖြင့် လှမ်းကြည့်လာပါလေရာ ဆက်၍ ‘ကြပ်’ ဦးမည်ဟု ယူဆရပါ၏။

“ငါကြားရတာတော့ အဲဒီကောင် မအလဟာ DSA တက်တုန်းကလည်း ‘နာမည်ကျော်’ တဲ့ဟ လုံးတုံးရ။”

“ဟုတ်ရဲ့လား မူးသာရ . . . မအလဟာ DSA မှာတုန်းကလည်း ‘နာမည်ကြီး’ ခဲ့တယ်လို့ ငါတပ်ထဲမှာရှိတုန်းက ကြားသိခဲ့ရတယ်။”

“ဘယ်လိုမျိုး နာမည်ကြီးတာတဲ့တုန်း။”

“စစ်တက္ကသိုလ်မှာ အသေးဆုံး၊ အညှက်ဆုံး၊ ချောင်အခိုဆုံး၊ အပေါ့လျော့ဆုံး၊ စည်းကမ်းအဖောက်ဖျက်ဆုံး၊ ဒဏ်ပေးအခံရဆုံးနဲ့ သတင်းအမွှေးဆုံးတဲ့ကွ။”

“အဲသလို သတင်းအမွှေးဆုံးမို့ ‘ကြောင်ချီး’ လို့ အမည်တွင်ခဲ့တာကိုး။”

“ဟားဟား ဟားဟား ဟားဟား ဟားဟား”

“ဟုတ်တယ်ကွ၊ ပြီးတော့ သူတက်ခဲ့တဲ့ အပတ်စဉ် ၁၉ အထက်က စီနီယာတွေက သူ့ကိုကြည့်မရတိုင်း ပြစ်ဒဏ်ပေးနေကြမို့ ဒီကောင်ကြီးဟာ အမြဲတမ်း ‘ပြေး’ နေခဲ့ရတယ်လို့ သူ့အထက် စီနီယာကြီးတွေဆီက ကြားခဲ့ရဖူးတယ်။”

“အရင်က သင်တန်းမှာ အမြဲတမ်း ‘ပြေး’ ခဲ့ရတဲ့ကောင်၊ အခုလည်း အသက်ကို ဖက်နဲ့ထုပ်ပြီး ‘ပြေး’ ဖို့ လေ့ကျင့်နေရရှာပြန်ပြီကွယ်။”

“ဟယ် . . . ဟားဟား ဟားဟား ဟားဟား”

ကျွန်ုပ်တို့သုံးဦး ပေါ့ပေါ့ပါးပါး ရယ်မောနေကြချိန်မှာ အဘစိမ်းမောင်ကား သူဘာမှ မကြားသလိုလိုနှင့် ဖုန်းကြည့်နေပါ၏။ အဘစောမူးသာက အဘစိမ်းမောင်ကို ပြောပါ၏။

“ဒါနဲ့ စိမ်းမောင် . . . မင်းတို့အဘ မအလဟာ ပြေးမယ်ဆိုရင် ‘တရုတ်’ ကိုဖြစ်မလား၊ ‘ရုရှား’ ကို ဖြစ်မလား။”

“သူက ဘာဖြစ်လို့ ပြေးရမှာလဲကွ။”

“ဘာဖြစ်လို့ရမလဲဟ . . . အခု သူ့သြဇာခံတပ်တွေ စစ်မျက်နှာအနှံ့မှာ နေရာတိုင်း ထွက်ထွက်ပြေးနေကြပြီဆိုတော့ နောက်ဆုံး သူလည်း ပြေးရတော့မှာပဲလေကွာ။”

“ဟွင်း . . . . .” အဘစိမ်းမောင်ကား သက်ပြင်းရှည်ကြီးချကာ စိတ်တခြမ်း ညစ်နေပုံပါ။

အဘလုံးတုံးက “ငါ့အထင်တော့ မအလကြီးကို သူ့ပထွေး ‘တရုတ်’ က လက်ခံမယ်လို့ မထင်တော့ဘူး” ဟု ဆိုပါလေ၏။

“တရုတ်ကြီးက ‘လူလည်’ ပဲကွာ၊ မအလ ပြေးလို့ရနိုင်မယ့် နေရာကတော့ သူ့ဒုတိယပထွေး ပူတင်ရဲ့ ‘ရုရှား’ ပဲ ရှိတော့တယ်။”

“ဟုတ်တယ် မူးသာ . . . အကယ်၍ ပူတင်ကလည်း သူ့လက်နက်အကြွေးတွေ မဆပ်လို့ ‘မလာနဲ့ ကြင်စိုး’ လို့ ပြောရင် မအလ ဘာဆက်လုပ်မယ် ထင်သလဲ။”

“ဟဲဟဲ ဟဲဟဲ ဟဲဟဲ . . . ဘာဆက်လုပ်ရမလဲကွ . . . သူ အပြေးလေ့ကျင့်ထားတာတွေကို အလကားဖြစ်မသွားအောင်လို့ ကိုကိုးကျွန်းတို့၊ သူဋ္ဌေးကျွန်းတို့ကို ပြေးမှာပေါ့ကွ လုံးတုံးရ။”

“အေးကွ . . . ဒါကြောင့်လည်း ဟိုတလောက သူဋ္ဌေးကျွန်းက သူဋ္ဌေးကို အပြစ်ရှာကြံပြီး ထောင်နန်းစံခိုင်းခဲ့တာ ဒင်းက ဒီအကြံနဲ့ကိုး။”

“အဲဒါအမှန်ပဲကွ . . . မအလ ပြေးရပြီဆိုရင် သူနဲ့ သူ့မိသားစုတွေတင်မကဘဲ သူတို့ အာဏာသိမ်း တအုပ်စုလုံးကို ခွေးပြေးဝက်ပြေး သေပြေးရှင်ပြေး ပြေးကြရတော့မှာ”

“အကောင်ညှက်ပြီး အရပ်အပုဆုံးအကောင်က အပြေးအသန်ဆုံး ရှေ့ဆုံးကဖြစ်လိမ့်မကွ။”

“သိပ်မကြာခင် အချိန်အတွင်းမှာ အုပ်စုလိုက် ‘ပြေးပွဲကြီး’ ကို ငါတို့ပြည်သူတွေ ဝမ်းသာအားရ မြင်ကြရလိမ့်မယ်ထင်တယ်နော် စိမ်းမောင်။”

“အေး . . . အဲ . . . ငါမသိဘူးဟေ့။”

“ဝါး . . ဟားဟား ဟားဟား ဟားဟား။”

(ဂ)

အရွှင်အဘတွေ၏ သုံးသပ်ချက်များကား ကြင်စိုး သာဝ မအလ၏ နောက်ဆုံးနေ့ရက်များနှင့် ကွက်တိသဘော ဆောင်ပါလေ၏။ တလတမျိုးမှသည် တပတ်တမျိုး မရိုးနိုင်အောင် ဗလောင်းဗလဲ မိန့်ခွန်းတွေ ပြောနေသည့် မအလကား ဒီကြားထဲမှာ ‘အသေ’ ပဲ ထွက်မလား၊ ‘အရှင်’ ထွက်နိုင်အောင် ပြေးပဲ ပြေးမလားဆိုတာ စိတ်ဝင်စားစရာပါလို့ အဘလုံးတုံးက သုံးသပ်ပါလေ၏။

“အမှန်ပဲ လုံးတုံးရ . . . ဒီ လူယုတ်မာ မအလဟာ ‘အသက်’ တော့ အသေမခံလောက်ဘူးကွ ပြေးလိမ့်မယ်ထင်တယ်”

“သူ့ဆရာတွေလိုပဲ နေမှာပေါ့ကွာ။”

“အေးကွ . . . နိုင်ငံနဲ့လူထုကို ရက်စက်ခဲ့သူ သူ့ဆရာတွေဖြစ်တဲ့ ကဒါဖီလို၊ ဆဒမ်ဟူစိန်တို့လို နောက်ပိတ်ဆုံး အသက်လုပြီး အသကုန် ‘ပြေး’ ရတော့မှာ။”

“ပြေးပေမဲ့လည်း ‘လွတ်’ လိမ့်မယ်တာ့ မထင်နဲ့၊ ဆဒမ်ဟူစိန်နဲ့ ကဒါဖီတို့လိုပဲ အဖမ်းခံရပြီး အသတ်ခံရဦးမှာ မြင်ယောင်နေပါရဲ့ကွာ။”

“အာဏာရူး အယုတ်တမာတွေရဲ့နိဂုံးကတော့ မရိုးမစွဲလေးတွေပဲ ဖြစ်လာမှာပါ။”

“အေး . . . မင်းအနေနဲ့ မအလတို့ အာဏာရူးအုပ်စု ဘယ်အချိန်လောက် ပြေးရမယ်ထင်သလဲ စိမ်းမောင်။”

“ဟမ် . . . ငါ့ကို လာဆွဲမထည့်နဲ့ကွ။”

“ဟားဟား ဟားဟား ဟားဟား ဟားဟား။”

အရွှင်အဘတွေက ကြပ်လေ အဘစိမ်းမောင်က ဒေါသဖြစ်လေကို မြင်ရတာ ရယ်စရာ တကယ်ကောင်းတာ ခင်ဗျ။ အဘလုံးတုံးနှင့် အဘစောမူးသာက ဖေကြီးကိုလှမ်း၍ ပြုံးပြကြပါ၏။ ပြီးတော့ အဘစောမူးသာက “မအလကတော့ ပြေးရင်းလွှားရင်း PDF တွေရဲ့ အဗျင်းကိုခံရပြီး သေသော် ‘ငရဲလား’ မှာပါကွာဟု ဆိုပါ၏။

“အေးကွ မူးသာရ . . . ဒီမအေရိုးကြီးက ‘ငရဲ’ ကိုပဲ ရောက်မှာကွ။”

“အမှန်ပေါ့ လုံးတုံးရယ်။”

“အေး . . . ‘ငရဲ’ ဆိုလို့ လိုင်းပေါ်က ကဗျာဆရာ ‘ဆန်းကျော်စွာဝင်း’ ရဲ့ ‘ငရဲထိုင်ခုံ’ ဆိုတဲ့ ကဗျာလေးကို သွားအမှတ်ရမိတယ်။”

“လုပ်ပါအုံးဟ . . . ရွတ်ပြပါဦး လုံးတုံးရ။”

အဘလုံးတုံးက ရေနွေးတခွက်မော့ချပြီး လည်ချောင်းရှင်းလိုက်ပါ၏။ ပြီးသည့်အခါ သူ၏ ဘယ်သံဝါဝါကြီးဖြင့် ဋ္ဌာန်ကရိုင်းကျစွာ ရွတ်ဆိုသံကို နားဝင်ပီယံဖြစ်စွာ ခံစားနားဆင်ကြရပါလေတော့၏ ခင်ဗျာ။

“ကဒါဖီက မေးတယ် . . . 

ငရဲမှာ အဆင်ပြေလားတဲ့။

ဆဒမ်ဟူစိန်က ပြန်ဖြေတယ်

ပိုပေါ့နဲ့စာရင်

ငါက တော်ပါသေးတယ် တဲ့။

ပိုပေါ့က ဝင်ပြောတယ် . . .

ဟေ့ . . . ဟေ့ . . .

မဟုတ်တမ်းတရား မပြောကြနဲ့၊

ငါ့အောက်မှာ ဟစ်တလာ ရှိသေးတယ်

သူက ပိုဆိုးတဲ့ ငရဲကွတဲ့။

အဲဒီအခါ ဟစ်တလာ ပြောရှာတယ်

ငါ့အောက်ထပ် ငရဲမှာ

ထိုင်ခုံအလွတ်တခု ကျန်သေးတယ်

အဲ့ဒီကောင်လာချိန် စောင့်ပြီးမှ 

ပြိုင်ကြမယ် တဲ့။”

“ဟဲ့ ဟဲ့ ဟဲ့ ဟဲ့ ဟဲ့”

ဖေကြီး(လေရှီး)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013