မန်စီးတီးအသင်းနဲ့ပွဲစဉ်မှာ ပင်နယ်တီ ထပ်မံရရှိသင့်ကြောင်း လီဗာပူးနည်းပြ ကလော့ပ်က ပြောသွားပါတယ်။
လီဗာပူးအသင်းဟာ ပွဲချိန် မိနစ် ၅၀ မှာ ပင်နယ်တီရရှိခဲ့ပြီး ကွင်းလယ်လူ မက်အလစ္စတာက ချေပဂိုး သွင်းခဲ့ပါတယ်။
ပွဲပြီးခါနီးမှာလည်း အလစ္စတာကို မန်စီးတီးတောင်ပံကစားသမား ဒိုကူက ပင်နယ်တီဧရိယာထဲမှာ ခြေထောက်နဲ့ကန်ခဲ့ပြီး ဒိုင်လူကြီးက ပင်နယ်တီသတ်မှတ်ပေးခြင်း မရှိခဲ့တာပါ။
လီဗာပူးနည်းပြ ကလော့ပ်ကတော့ ဒိုကူအနေနဲ့ ဘောလုံးကိုထိခဲ့တာမှန်ပေမဲ့ ပြစ်ဒဏ်ဘောဖြစ်တာ ရာနှုန်းပြည့်သေချာပြီး ပင်နယ်တီရရှိသင့်တဲ့ ကျူးလွန်မှုဖြစ်ကြောင်း ပွဲအပြီးမှာ ပြောပါတယ်။
ဘောလုံးပွဲစဉ်တိုင်းမှာ အလားတူ ကျူးလွန်မှုမျိုးဟာ မဖြစ်မနေ ပြစ်ဒဏ်ဘောဖြစ်ကြောင်း၊ အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် အားရကျေနပ်ကြောင်း နည်းပြကလော့ပ်က ပြောပါတယ်။
လီဗာပူးဟာ မန်စီးတီးနဲ့ တဂိုးစီသရေကျခဲ့တာကြောင့် တမှတ်အကွာနဲ့ အဆင့်တစ်နေရာကို အာဆင်နယ်အသင်းဆီ ပေးလိုက်ရပါတယ်။
Photo-Reuters