Home
မြန်မာသတင်း
မြေပြင်ထောက်ပို့လမ်းဖြတ်တောက်ခံရသဖြင့် လေကြောင်းကိုသာ စစ်ကောင်စီ အားကိုးနေရဟု KNDF ပြော
DVB
·
March 10, 2024
KNDF_10032024

ဖေဖော်ဝါရီလအတွင်း ကရင်နီပြည် လွိုင်ကော်၊ ရှားတော၊ ဘောလခဲမြို့နယ်နဲ့ ဖယ်ခုံမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ကောင်စီဟာ မြေပြင်ထောက်ပို့လမ်းကြောင်း ဖြတ်တောက်ခံထားရတာကြောင့် လေကြောင်းကိုပဲ အားကိုးနေရတယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဒီနေ့ မတ် ၁၀ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

တလတာ စစ်ရေးအခြေအနေတွေကို ထုတ်ပြန်လာတာဖြစ်ပြီး ဖေဖော်ဝါရီလအတွင်း ဘောလခဲမြို့နဲ့ ရွာသစ်မြို့ကြား ဆက်သွယ်ထားတဲ့ လမ်းမကြီးပေါ်က စစ်ကောင်စီရဲ့ ၁၂ မိုင်ကုန်း စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လွိုင်ကော်မြို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ နေ့တိုင်းနီးပါး ထိတွေ့တိုက်ခိုက်မှုဖြစ်ပြီး ဖေဖော်ဝါရီနောက်ဆုံးမှာတော့ တိုက် ၆ လုံး ဝန်ထမ်းအိမ်ရာတလျှောက်မှာ တိုက်ပွဲတွေ ပြင်းထန် ခဲ့တယ်လို့ ဆိုပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက မြို့ကို ဝန်းရံပိတ်ဆို့ပြီး စစ်ဆင်ရေးလုပ်နေလို့ စစ်ကောင်စီတပ်တွေဟာ မြို့ပေါ်အခြေစိုက်တပ်တွေမှာပဲ တပ်စွဲထားနိုင်ပြီး မြေပြင်ထောက်ပို့လမ်းကြောင်းတွေ ပြတ်တောက်သွားတာကြောင့် လေကြောင်းကိုပဲ အားထားနေရတဲ့ အခြေအနေ ရှိတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီက လွိုင်ကော်မြို့ကို လက်နက်ကြီးတွေနဲ့ နေ့တိုင်းပစ်ခတ်တဲ့အပြင် လေကြောင်းကနေ ဗုံးကြဲတာ၊ ကင်းထောက်လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ ရပ်ကွက်တွေထဲကို မီးလောင်ဗုံးတွေ ကြဲချတာကြောင့် လူနေအိမ် အများအပြားလည်း မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ တော်လှန်ရေးတပ်တွေက ရှားတောမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ပြီး အဲဒီတိုက်ပွဲမှာ စစ်ကောင်စီရဲ့ ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဒုရဲမှူးတွေ အပါအဝင် တပ်ဖွဲ့ဝင် ၁၆၀ ကျော်ကို ချေမှုန်းသုတ်သင်နိုင်ခဲ့သလို စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တချို့ကိုလည်း စစ်သုံ့ပန်းဥပဒေ၊ နိုင်ငံတကာစည်းမျဉ်းစည်းကမ်း ဥပဒေတွေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက် ထားတယ်လို့ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလအတွင်း ဘောလခဲမြို့နဲ့ ရွာသစ်မြို့ကြား ဆက်သွယ်ထားတဲ့ လမ်းမကြီးပေါ်က စစ်ကောင်စီရဲ့ ၁၂ မိုင်ကုန်းစခန်းနားမှာ တိုက်ပွဲတွေဖြစ်ပြီး ဖေဖော်ဝါရီ ၈ ရက်နေ့မှာ အဲဒီ စခန်းကုန်းကို ကရင်နီတော်လှန်ရေးတပ်တွေက အပြီးသတ်ချေမှုန်းသိမ်းယူပြီး လက်နက်ငယ် ၁၂ လက်၊ လက်နက်ကြီး ၄ လက် နဲ့ တခြားခဲယမ်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဖယ်ခုံမြိုနယ်မှာတော့ ဖေဖော်ဝါရီလထဲမှာ ထိတွေ့တိုက်ပွဲ ၂ ကြိမ်လောက်ပဲဖြစ်ပြီး သံလွင်မြစ်ဘေးနဲ့ အရှေ့ဘက်ခြမ်းက ကရင်နီ- ထိုင်းနယ်စပ်တလျှောက် အရေးပါတဲ့ စစ်ကောင်စီရဲ့ အထိုင်တပ်စခန်း ၃ ခုဟာ စခန်းစွန့်ခွာ တပ်ဆုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက အရပ်သားပြည်သူတွေကိုပစ်မှတ်ထားတဲ့ တာဝေးပစ် လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာနဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် ဖေဖော်ဝါရီလအတွင်း အရပ်သားပြည်သူ ၂၅ ယောက် သေဆုံး၊ ၄၂ ယောက် ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013