Home
မြန်မာသတင်း
မြဝတီတွင် စစ်ရှောင်နေသည့် သဘာဝတရားရိပ်သာမှ ဘိုးဘွားများ အကူအညီလိုအပ်
DVB
·
March 10, 2024
Myawaddy ThaBawa rest_10032024

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မိုးကုတ်ရပ်ကွက်မှာရှိတဲ့ အ.ထ.က ၂ ကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ သဘာဝရိပ်သာတရားဆေးရုံ(ဘိုးဘွားရိပ်သာ) က ဘိုးဘွား ၁၇၀ ကျော်အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီပေးသူတွေက ပြောပါတယ်။

မြဝတီမြို့နယ် သင်္ဃန်းညီနောင် မြို့သစ်ပတ်ဝန်းကျင်နားမှာ ပြီးခဲ့တဲ့ မတ် ၇ ရက်နေ့ကတည်းက KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး မတ် ၈ ရက်နေ့ကတော့ မြဝတီ-အာရှလမ်းမပေါ်မှာရှိတဲ့ မဲကနယ်ကျေးရွာ၊ သဘာဝရိပ်သာတ‌ရားဆေးရုံကို ဗုံးသီးကျလို့ ၂ ယောက် သေဆုံး၊ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

လက်နက်ကြီးတွေ ကျရောက်တာကြောင့် သဘာဝရိပ်သာတရားဆေးရုံက အဘိုးအဘွားတွေဟာ မြဝတီ အ.ထက ၂ ကျောင်းကို စစ်ရှောင်လာကြရတာဖြစ်ပါတယ်။

ကူညီပေးနေသူတယောက်က “သဘာဝတရားရိပ်သာထဲကို ဗုံးကျပြီးတော့ အဘိုး အဘွားတွေအပြင် ပိုင်ရှင်မဲ့စွန့်ပစ်ခံရထားတဲ့လူတွေကိုပါ အ.ထ.က ၂ ထဲ ရွှေ့လိုက်တယ်။ လတ်တလောတော့ ဆန်တွေ၊ ဆီတွေ အပြင် တခြားအစားအသောက်တွေလည်း လိုအပ်ပါတယ်။ အခုလက်ရှိ မြို့ထဲကသူတွေရော တခြားနေရာကပါ ကူညီပေမယ့် စစ်ပွဲက ဘယ်တော့မှ ပြီးမှန်းမသိတဲ့အတွက် အကူအညီတွေက လိုအပ်နေတုန်းပါ" လို့ ပြောပါတယ်။

သ‌ဘာဝတရားရိပ်သာတရားဆေးရုံ ဖွင့်လှစ်ထားတာ ၂ နှစ်ကျော်ရှိပြီး အဘိုးအဘွားတွေအပြင် စိတ်ကျန်းမာရေး ချို့တဲ့သူတွေနဲ့ မြဝတီဆေးရုံက ပိုင်ရှင်မဲ့ စွန့်ပစ်လူနာတွေကိုပါ ဆေးကုသမှုပေးပြီး ကာကွယ်စောင့်ရှောက်ထားတယ်လို့ ‌ဆိုပါတယ်။

မြဝတီမြို့နယ် သင်္ဃန်းညီနောင် ခမရ ၃၅၅ ကို မတ် ၇ ရက်နေ့မှာ KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာကစပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတဲ့အတွက် သင်္ဃန်းညီနောင် မြို့သစ်ပတ်ဝန်းကျင်က ဒေသခံ ၁,၀၀၀ ကျော် မြဝတီမြို့ပေါ် စစ်ဘေးရှောင်နေရပါတယ်။

သင်္ဃန်းညီနောင် အခြေစိုက် ခမရ ၃၅၅ နဲ့ ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီး ခမရ ၃၅၆ နဲ့ ၃၅၇ ကို ဆက်လက်တိုက်ခိုက်နေလို့ စစ်ကောင်စီကလည်း လေကြောင်းက ဗုံးကြဲပြီး ခလရ ၂၇၅ ကလည်း လက်နက်ကြီးပစ်ခတ်နေတယ်လို့ တော်လှန်ရေးသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

မတ် ၉ ရက်နေ့ကလည်း မြဝတီမြို့ကုန်သွယ်ရေးဇုန်ထဲက အထည်ချုပ်စက်ရုံတခုရဲ့ အလုပ်သမားတွေနေတဲ့နေရာကို လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး လက်နက်ကြီးစမှန်လို့ အမျိုးသမီး ၁ ဦးသေဆုံး၊ အမျိုးသား ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013