Home
မြန်မာသတင်း
ရှမ်းတောင်တပ်ရင်း ၁၀၀၈၊ တပ်ခွဲ ၁ က ရဲဘော်သစ်အယောက် ၂၀၀ ခေါ်ယူ
DVB
·
March 10, 2024
PDF Soldiers_10032024

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်ဒေသ ၃၊ အမှတ် ၁၀၀၈ တပ်ရင်း SSRY ရဲ့ တပ်ခွဲ ၁ Eagle Force တပ်ဖွဲ့က မတ် ၉ ရက်ကစပြီး ရဲဘော်အသစ် အယောက် ၂၀၀ ခေါ်ယူနေတယ်လို့ တပ်ခွဲတာဝန်ရှိသူတယောက်က ပြောပါတယ်။

အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းရှိ အမျိုးသား အယောက် ၁၉၀ နဲ့ အမျိုးသမီး ၁၀ ယောက် ခေါ်ယူမယ်လို့ သိရပါတယ်။

တပ်ခွဲတာဝန်ရှိသူက “ခေါ်ယူရတဲ့ရည်ရွယ်ချက်က မြို့ပေါ်မှာနေပြီး စစ်ကောင်စီတပ်အတွက် လူသားဒိုင်းမဖြစ်စေချင်ဘူး။ ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်နယ် လွတ်မြောက်ဖို့အတွက် စွမ်းဆောင်နေတဲ့ တပ်ဖွဲ့တွေမှာဆိုရင် လူမှန်နေရာမှန် ဖြစ်တာပေါ့နော်။ ရှမ်းတောင်အရွေ့အတွက်လည်း တော်လှန်ရေးခရီး ပိုရောက်စေချင်လို့ပါ” လို့ ပြောပါတယ်။

ရဲဘော်၊ ရဲမေ အသစ်တွေအနေနဲ့ ကျန်းမာရေးကောင်းမွန်ပြီး တပ်ဖွဲ့က ပို့ချတဲ့ စစ်ရေး၊ နိုင်ငံရေးတွေကို လေ့ကျင့်သင်ကြားနိုင်သူ၊ တပ်ဖွဲ့ရဲ့ မူဝါဒနဲ့ နည်းဥပဒေတွေကို လေးစားလိုက်နာနိုင်သူ၊ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အတူတကွ တိုက်ပွဲဝင်နိုင်သူ၊ ပေးအပ်တဲ့ တာဝန်နဲ့ ဝတ္တရားတွေကို ကျေပွန်အောင် ထမ်းရွက်နိုင်သူဖြစ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းမယ်လို့ ကြေညာလိုက်ပြီး နောက်ပိုင်း ပြည်နယ်နဲ့ တိုင်းဒေသအသီးသီးမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ရဲဘော်သစ်တွေ အများအပြားခေါ်ယူနေပြီး နီးစပ်ရာနေရာဒေသတွေမှာ ရဲဘော်ဖြစ်လိုတဲ့သူတွေလည်း များပြားလာတယ်လို့ သိရပါတယ်။

ခုလက်ရှိအချိန်မှာ တပ်ဖွဲ့ကို ရောက်ရှိလာတဲ့ ရဲဘော်သစ်တွေကို စစ်ရေးစစ်ရာတွေ သင်ကြား ပို့ချပေးနေပြီး ရှမ်းပြည်နယ်တောင်ပိုင်းက ရှေ့တန်းစစ်မျက်နှာပြင်မှာလည်း ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ ပါဝင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013