Home
နိုင်ငံတကာ
ရုရှား နျူကလီးယားမသုံးရေး ဟန့်တားရန် အမေရိကန်က တရုတ်၊ အိန္ဒိယတို့ကိုပါ အကူအညီတောင်းခဲ့ဟုဆို
DVB
·
March 10, 2024
Russia says it test fired Yars nuclear ballistic missile

ရုရှားနိုင်ငံက နျူကလီးယားလက်နက် မသုံးစွဲစေရေး ဟန့်တားဖို့အတွက် အမေရိကန်ဟာ သူ့မဟာမိတ် မဟုတ်တဲ့ တရုတ်တို့၊ အိန္ဒိယတို့ကိုပါ အကူအညီတောင်းခဲ့တယ်လို့ အမေရိကန်အစိုးရအဖွဲ့ ထိပ်တန်းတာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး CNN သတင်းဌာနက ဖော်ပြပါတယ်။  

နျူကလီးယားလက်နက် မသုံးဖို့ အမေရိကန်ကိုယ်တိုင် ဖိအားပေးရုံတင်မကဘဲ ရုရှားနဲ့ ပိုအဆင်ပြေတဲ့ နိုင်ငံတွေကတဆင့်ပါ တိုက်တွန်း၊ ဖိအားပေးခဲ့တယ်လို့ အဆိုပါတာဝန်ရှိသူက ဆိုပါတယ်။ 

၂၀၂၂ ခုနှစ်တုန်းက ရုရှားတပ်တွေ အရေးမလှဖြစ်နေပြီး၊ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် အလုပ်ဖြစ်လာတဲ့အချိန်မှာ ပူတင်ဟာ နောက်ဆုံး ရွေးချယ်စရာအနေနဲ့ နျူကလီးယားလက်နက် ထုတ်သုံးမှာကို အမေရိကန်က စိုးရိမ်နေခဲ့တယ်လို့ ဆိုပါတယ်။ 

၂၀၂၂ ခုနှစ် အောက်တိုဘာလလောက်မှာ ယူကရိန်းဟာ “ညစ်ပတ်ဗုံး” (Dirty Bomb) လို့ခေါ်တဲ့ ရေဒီယိုသတ္တိကြွပစ္စည်းတွေနဲ့ ပုံမှန်ဖောက်ခွဲရေးပစ္စည်းတွေ ရောထားတဲ့ ဗုံးမျိုးသုံးဖို့ စီစဉ်နေတယ်ဆိုပြီး ရုရှားဝါဒဖြန့်ချိရေးသမားတွေက သတင်းဖြန့်ခဲ့ပါတယ်။

ဒီလိုသတင်းဖြန့်တာဟာ နျူကလီးယားလက်နက် သုံးချင်လို့ ရုရှားက ဉာဏ်ဆင်လာတာလို့ ယူဆတဲ့အတွက် အမေရိကန်ဘက်က တော်တော်စိုးရိမ်ခဲ့တယ်လို့ ဆိုတယ်။ 

၂၀၂၃ ဇွန်လမှာလည်း ရုရှားက နျူကလီးယားလက်နက်တွေကို အိမ်နီးချင်း ဘီလာရုစ်ကို ရွှေ့လာတဲ့အတွက် ရုရှား နျူကလီးယားခြိမ်းခြောက်မှုဟာ အစစ်အမှန်ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောခဲ့ပါတယ်။ 

ပြီးခဲ့တဲ့လကလည်း နေတိုးတပ်တွေ ယူကရိန်းကို လွှတ်ဖို့နည်းလမ်းကိုလည်း ဖယ်ထုတ်မထားဘူးလို့ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခွန်းက ပြောကြားခဲ့အပြီးမှာ ပူတင်က နျူကလီးယားစစ်ပွဲ ဖြစ်သွားနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013